Homeပြည်တွင်းသတင်းကလေးမြို့တောင်ပိုင်းက စစ်ရှောင်တွေရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ

ကလေးမြို့တောင်ပိုင်းက စစ်ရှောင်တွေရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ

၂ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ တင်သားနဲ့ ဒိုးနွယ်ကျေးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂ ရက်၊ နေ့လည် ၁၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ နှစ်ဦးရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

ကလေးမြို့တောင်ပိုင်းကို သုံးရက်အတွင်း သုံးကြိမ်ဆက်တိုက် စစ်ကောာင်စီက လေကြောင်းက တိုက်ခိုက်နေတာဖြစ်ပြီး သုံးရက်စလုံး လူသေဆုံးထိခိုက်မှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်က တင်သားနဲ့ ကုက္ကိုကျေးရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲချတဲ့အတွက် ကုက္ကိုရွာက စစ်ဘေးရှောင်စခန်းကို ထိခိုက်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၉ ဦးသေဆုံးပြီး လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ဆယ်တော်ရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုမှာတော့ ကနဦးရရှိတဲ့သတင်းတွေအရ သေဆုံးသူ နှစ်ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူစာရင်းကိုတော့ ကောက်ယူနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီလေတပ်ဟာ အာဏာသိမ်း ၄ နှစ်ပြည့်ကာလပတ်ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲကိုမကဘဲ မန္တလေးတိုင်းထဲက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွေမှာလည်း နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ပုံစာ – ကလေးမြို့တောင်ပိုင်းက စာသင်ကျောင်းတစ်ခုကို လေကြောင်းတိုက်ိခုက်စဉ်(ပုံဟောင်း)
ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read