၂ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ လာမယ့် ဧပြီ ၁ ရက်မှာ ကာလုံပြန်လွှဲနိုင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဦးဆောင်ပြုလုပ်တဲ့” နိုင်ငံတော်အကြပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီပွဲမှာပဲ ဒေါက်တာအေးမောင်က စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အတိုင်း ဥပဒေ (၃) ရပ်နဲ့ရွေးကောက်ပွဲကိုကျင်းပသွားမယ်လို့ ပြောခဲ့ပါသေးတယ်။
“လက်ရှိနိုင်ငံရဲ့စစ်ရေးအနေအထားအရ အားလုံးသိတဲ့အတိုင်းပဲ။ သို့သော် ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဥပဒေနဲ့အညီသွားနေတယ်။ ယုံကြည်စိတ်ချသင့်တဲ့အနေအထားဟာ သူ့မှာဒါပဲရှိတယ်။ အဲဒီဟာကိုလည်း ၂၀၂၅ ကိုသတ်မှတ်ပြီးပြီ။ ကာလလေးပဲလိုတယ်။ ပြီးခဲ့တဲ့ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေးခေါ်တယ်။ ၁ ရက်နေ့ကနေစပြီး ၆ လ သက်တမ်းယူတယ်။ သူသည် ဘတ်ဂျက်ကာလကိုဖြတ်ချင်တယ်ပြောတယ်။ မတ်လ ၃၁ ရက်သည် အစိုးရတစ်ရပ်ရဲ့ ဘတ်ဂျက်တွက်ပြီးတဲ့ကာလဖြစ်တယ် ။ ဧပြီ ၁ ရက်မှာဘာဖြစ်မလဲမပြောတတ်ဘူး။ သူသည် ရွေးကောက်ပွဲဥပဒေသုံးရပ်ကိုဒီအစိုးရသည် ပြဌာန်းပြီးသားဖြစ်ရမယ်။” လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေကနေ စစ်ရှောင်လာတဲ့ စစ်ရှောင်စာရင်းတွေကို ကောက်ယူပြီး မဲပေးနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး နေရာဒေသအခြေအနေပေါ်မူတည်ကာ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၆ ခုနှစ်အထိ ရောက်သွားနိုင်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကိုဒေါက်တာအေးမောင်(ဥက္ကဌ၊ ရခိုင့်ဦးဆောင်ပါတီ – AFP)၊ ဦးသိန်းထွန်းဦး (အမှုဆောင်ဒါရိုက်တာ၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ – TISS) ၊ ဦးထက်အောင်ကျော်၊ (ဒု-ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ – NDF)၊ ဒေါက်တာမျိုးဆက်သွေး (အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ရှေ့ ဆောင်ပါတီ – PPP) တို့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။