Homeနိုင်ငံတကာသတင်းတရုတ်ခရီးသွားတွေရဲ့လုံခြုံရေးအတွက် တရုတ်သမ္မတကို သွားရောက်တွေ့ဆုံမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို

တရုတ်ခရီးသွားတွေရဲ့လုံခြုံရေးအတွက် တရုတ်သမ္မတကို သွားရောက်တွေ့ဆုံမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို

၃၁ ဇန်နဝါရီ၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်ထရာက လာမယ့်ဖေဖော်ဝါရီလ ၅ ရက်က ၈ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ်ခရီးသွားတွေရဲ့ လုံခြုံမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို သမ္မတရှီကျင်ဖျင်နဲ့ ဆွေးနွေးမယ့်အကြောင်း အတည်ပြုထားပါတယ်။

ဇန်နဝါရီအစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်မင်းသားလို လူသိများကျော်ကြားတဲ့သူတွေပါ လူကုန်ကူးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိုးရိမ်မကင်းဖြစ်နေကြတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က ပေကျင်းကို သွားရောက်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံလုံခြုံရေးနဲ့ပတ်သတ်တဲ့အဆိုးမြင်ခံရမှုတွေကို ဖျောက်ပစ်ဖို့ တရုတ်ရဲ့အကူအညီကို တောင်းခံသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုသွားပြီး အိမ်နီးချင်းနိုင်ငံတွေက အွန်လိုင်းငွေလိမ် call center တွေနဲ့ပတ်သတ်ပြီး သမ္မတရှီနဲ့ အလေးအနက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံကို ခရီးသည်အများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်က ထိုင်းကို လာရောက်လည်ပတ်တဲ့ ခရီးသွား ၃၅.၅ သန်းမှာ ၆.၇ သန်းက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာလည်း တရုတ်နိုင်ငံသားတွေက ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကို တင်းတင်းကြပ်ကြပ်တိုက်ဖျက်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို ထိုင်းဝန်ကြီးချုပ်က မှာကြားထားသလို ဇန်နဝါရီလ ၂၉ ရက်မှာလည်း တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးကိုယ်တိုင် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိပြီး တရုတ်လုံခြုံရေးရုံးခွဲတစ်ခုဖွင့်လှစ်ဖို့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အွန်လိုင်းငွေကြေးလိမ်လည်ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေရှိနေပြီး လူကုန်ကူးမှုတွေနဲ့ အတင်းအကြပ်ဖမ်းဆီးခိုင်းစေခံရမှုတွေရှိနေပါတယ်။ ထိုင်းမြန်မာနယ်စပ်က မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ထဲမှာ လူ ၆၀၀၀ က ၈၀၀၀ အထိ လူကုန်ကူးခံထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။

ပုံစာ – APEC စီးပွားရေးညီလာခံမှာ တွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်

ဓာတ်ပုံ – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read