၁၇ ဇန်နဝါရီ၊ ၂၀၂၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၆ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက် မနက် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မောင်ထွန်းလင်းကျော်နဲ့ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်တို့ သေဆုံးပြီး အရပ်သားသုံးဦးထိခိုက်ဒဏ်ရာရခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း ထိမှန်သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၀ ဦး၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၅၂ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Yesagyo Township Info Committee