၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ဘက်ကို စစ်ရှောင်လာတဲ့ ရခိုင်ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းနဲ့ နေထိုင်ခွင့်မပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးတွေကတဆင့် သတိပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကြည်မြို့နယ်က မြောက်စမ်းရွာကို စစ်ကောင်စီတပ်တွေက ဝင်စီးပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဘက်က ရှောင်တိမ်းလာတဲ့ ရခိုင်စစ်ရှောင်မိသားစုတွေထဲက ၁၆ ဦးကို AA နဲ့ ပတ်သတ်နေတယ်ဆိုပြီး ဖမ်းဆီးသွားကြောင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒေသခံတွေကလည်း ဒီသတင်းမှန်ကန်ကြောင်းနဲ့ မြောက်စမ်းရွာမှာ လေယာဉ်ကွင်းစီမံကိန်းရှိပြီး စစ်တပ်အင်အားလည်း တိုးချဲ့ထားတယ်လို့ ဆိုပါတယ်။ ရေကြည်မြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့နယ်ထဲက ကျေးရွာတချို့ဟာ စစ်ရှောင်ဖို့ အသင့်ပြင်ဆင်ထားကြတယ်လို့လည်း ပြောဆိုပါတယ်။
“ရေကြည်က ဧရာဝတီတိုင်းဝန်ကြီးချုပ်ဇာတိဆိုတော့ စစ်တပ်တွေပို့တာလား၊ ရခိုင်ဘက်က ရောက်လာမှာစိုးလို့ ပို့တာလားတော့မသိ စစ်တပ်အင်အား ပိုပြီး ချထားပါတယ်။ အခု ရခိုင်နဲ့စပ်နေတဲ့ ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းဘက်က အကုန်စစ်ရှောင်ဖို့ အသင့်ပြင်ထားကြတယ်” လို့ ရေကြည်မြို့နယ်ထဲက ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။ဒါ့အပြင် မြောက်စမ်းရွာက ဖမ်းဆီးခံထားရသူတွေကို အခုထိ ပြန်မလွှတ်ပေးဘဲ မိသားစုနဲ့လည်း ဆက်သွယ်ခွင့်မပေးထားဘူးလို့ သိရပါတယ်။
“ရေကြည်မှာပဲမဟုတ်ဘူး။ ဧရာဝတီတိုင်းတတိုင်းလုံး ရခိုင်စစ်ရှောင်တွေကို လိုက်ဖမ်းနေတာပါ။ ပုသိမ်ဘက်မှာလည်း ဖမ်းတယ်လို့ ကြားတယ်။ ပုသိမ်ကနေ ချောင်းသာ၊ ရွှေသောင်ယံဘက်ဆိုလည်း နဂိုထဲက ငါးဖမ်း ပိုက်ချလုပ်နေတဲ့ ရခိုင်တွေကိုပါ ဖမ်းပြီး ငွေတောင်းတာတွေ လုပ်တယ်လို့ ကြားတယ်။ ပြီးတော့ စစ်ရှောင်တွေကို လက်မခံဖို့ အဲဒီ့ဘက်တွေမှာလည်း လိုက်တားထားတာတွေ ရှိတယ်”လို့ အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုပါတယ်။
ရခိုင်စစ်ရှောင်ဒုက္ခသည်တွေကို စစ်ကောင်စီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတာ၊ နှင်ထုတ်တာတွေ လုပ်နေပြီး ဧည့်စာရင်းတိုင်ကြားရင်လည်း လက်မခံကြဘူးလို့ ရန်ကုန်ရောက်ရှိလာတဲ့ ရခိုင်ဒုက္ခသည်တွေကဆိုပါတယ်။
ဒီလအတွင်းမှာ ဒီဇင်ဘာလ ၈ ရက်က ရခိုင်ပြည်နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၂၀ ဦးကို ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးမှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ရေကြည်မြို့နယ် မြောက်စမ်းရွာမှာ ရခိုင်စစ်ဘေးရှောင် ၁၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ အကြောင်းမရှိဘဲ AA နဲ့ပတ်သတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်လူမျိုး ၆၀ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ရခိုင်သတင်းရင်းမြစ်က ဆိုပါတယ်။
ပုံစာ – စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးနေစဉ်
Photo – စစ်ကောင်စီ