Homeပြည်တွင်းသတင်းတာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှု တရားခံ ၆ ဦးကို အသေပစ်ခတ်ဖမ်းဆီးပြီး ဓားစာခံကို ကယ်တင်ကြောင်း သတင်းတွေ ဖော်ပြ

တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှု တရားခံ ၆ ဦးကို အသေပစ်ခတ်ဖမ်းဆီးပြီး ဓားစာခံကို ကယ်တင်ကြောင်း သတင်းတွေ ဖော်ပြ

၁၉ ဒီဇင်ဘာ၊ ၂၀၂၄

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ဖြစ်ပွားတဲ့ပြန်ပေးဆွဲမှုမှာ တရားခံ ၆ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပြီး ပြန်ပေးဆွဲခံရတဲ့အမျိုးသားကို ကယ်လိုက်နိုင်ပြီလို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်၊ မနက် ၆ နာရီဝန်းကျင်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ ကမ္ဘောဇဘဏ်အရှေ့က ငွေလဲဆိုင်က အသက် ၇၈ နှစ်အရွယ် တရုတ်အမျိုးသား ဦးရန်ထင်ချန်းကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပါတယ်။

ပြန်ပေးဆွဲအဖွဲ့ရဲ့ လမ်းကြောင်းကို CCTV က ခြေရာခံလိုက်ပြီးနောက်မှာ ပါဆတ်ရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်မှာ အခြေချနေတာကို တွေ့ရတဲ့အတွက် ဝင်ရောက်ဖမ်းဆီးတဲ့အခါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပြန်ပေးဆွဲအဖွဲ့က ၆ ဦးလုံး သေဆုံးခဲ့ပြီး နေအိမ်အတွင်းမှာ ချုပ်ထားတဲ့ ဦးရန်ထင်ချန်းကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ တာချီလိတ်မြို့မှာ ခိုးဆိုးလုယက်မှုတွေများပြားနေပြီး ဒီဇင်ဘာ ၁၉ ရက် မနက် ၆ နာရီဝန်းကျင်မှာလည်း အမျိုးသမီးငယ်တစ်ဦးကို နေအိမ်ရှေ့မှာတင် လုယက်ခဲ့တဲ့အတွက် ဦးခေါင်းဒဏ်ရာရပြီး ၄ ချက် ချုပ်ခဲ့ရတယ်လို့ တာချီလိတ်သတင်းဌာနက ဖော်ပြတဲ့သတင်းအရ သိရပါတယ်။

ပြန်ပေးဆွဲအဖွဲ့ဆီက ပွိုင့်-၃၈၀ အမျိုးအစား သေနတ်(၁)လက်၊ M-16 သေနတ်အရှည်(၁)လက်၊ ကျည်ရောရာ (၂၁)ထောင့်အပြင် ပြန်ပေးဆွဲရာမှာ အသုံးပြုတဲ့ ကားတစ်စီး၊ ကားနံပါတ်ပြားအစုံ (၆)စုံ၊ ကျည်ကာအင်္ကျီ(၂)ထည်၊ ပဲခူးတိုင်းရဲတပ်ဖွဲ့ တံဆိပ်ပါ (၁)ထည် နဲ့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၆၅,၀၀၀)ပြား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Photo – ရှမ်းရှေ့သတင်းစုံ

ဆက်စပ် သတင်းများ

Most read