၂၂ နိုဝင်ဘာ၊၂၀၂၄
လက်ရှိမြန်မာနိုင်ငံမှာ လူလေးဦးမှာ တစ်ဦးနှုန်းနဲ့ လူဦးရေပေါင်း ၁၃.၃ သန်း စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃.၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်း ရှောင်နေ ကြရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်အဖြစ် Mr. Michael Dunford ကိုရာထူးခန့်အပ်ကြောင်း အသိပေးထုတ်ပြန်မှုအတွင်းဖော်ပြ ထားတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန်၊ နိုင်ငံအတွက်အရေးကြီးသောအခိုက်အတန့်မှာ Mr. Dunford ကို WFP ရဲ့ ဌာနေကိုယ်စားလှယ်အဖြစ် ရာထူးခန့်အပ်လိုက်တဲ့ပေါ် ကြိုဆိုတယ်လို့လည်း ဆိုထားပါတယ်။
“မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော်တကယ့်ကို အထင်ကြီးလေးစားမိပါတယ်” လို့ Mr. Dunford က ထုတ်ပြန်ချက်အတွင်းထဲ့သွင်းပြောဆိုထားပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ ရဲ့ အကူအညီအထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံးလူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွား မှာလည်းဖြစ်ပါ တယ်။” လို့လည်း ၎င်းကပြောပါတယ်။
Mr. Dunford ရဲ့ ဦးဆောင်မှုအောက်မှာ WFPအနေနဲ့ ရပ်ရွာလူထုနဲ့အတူ ဒေသခံအဖွဲ့အစည်းတွေနဲ့ လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ် တွေမှတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်ကို အကူအညီတွေပေးအပ်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
Mr. Dunford ရဲ့ ပထမဦးစားပေးမှာ WFP ရဲ့ ကယ်ဆယ်ရေးအထောက်အပံ့တွေ အရေးပေါ်အကူအညီလို အပ်နေသူတွေထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေက ရပ်ရွာလူထုထံကို အသေအချာ ရောက်ရှိနိုင် ရေးဖြစ် တယ်လို့လည်း ဆိုပါတယ်။
Photo -WFP