၂၁ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့လည်း ကုလလုံခြုံရေးကောင်စီက ဆောင်ရွက်ဖို့ ကုလအထွေထွေ အတွင်းရေးမှူးချုပ်ကို ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ကုလအနေနဲ့ မြန်မာ့အရေး ပိုပြီး တက်တက်ကြွကြွဆောင်ရွက်ဖို့ အတွက် ကုလသမဂ္ဂကို ဥရောပသမဂ္ဂနိုင်ငံတွေက နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ ၇၉ ကြိမ်မြောက် တတိယ ကော်မတီအစည်းအဝေးမှာ မြန်မာက ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အတွက် ဥရောပသမဂ္ဂ က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆုံးဖြတ်ချက် အဆိုပြုလွှာထဲမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ မတရား ဖမ်းဆီး နှိပ်စက် ညှင်းပမ်းမှုတွေကိုထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်နဲ့ နည်းပညာတွေ၊ လေယာဉ်ဆီတွေ မရောင်းကြဖို့ လည်း နိုင်ငံအားလုံးကို တိုက်တွန်းတယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း ဆုံးဖြတ်ချက် အစီရင်ခံစာမှာ ပါရှိပါတယ်။