Homeပြည်တွင်းသတင်းအကျဉ်းထောင်တွင်းနဲ့ အကျဉ်းထောင်မှလွတ်မြောက်ပြီး ရက်ပိုင်းအကြာ ထောင်တွင်းဒဏ်ချက်တွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀၇) ဦးရှိလို့ AAPP ထုတ်ပြန်

အကျဉ်းထောင်တွင်းနဲ့ အကျဉ်းထောင်မှလွတ်မြောက်ပြီး ရက်ပိုင်းအကြာ ထောင်တွင်းဒဏ်ချက်တွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀၇) ဦးရှိလို့ AAPP ထုတ်ပြန်

၁၂ နိုဝင်ဘာ၊၂၀၂၄

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်းနဲ့ အကျဉ်းထောင်မှလွတ်မြောက်ပြီး ရက်ပိုင်းအကြာ ထောင် တွင်းဒဏ်ချက်တွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀၇) ဦးရှိတယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPP က ထုတ်ပြန်ပါတယ်။

အဆိုပါ စာရင်းမှာ အာဏာသိမ်းချိန်မှစပြီး ယနေ့အထိ ကောက်ယူထားတဲ့ AAPP ရဲ့ မှတ်တမ်းတွေအရ ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လျစ်လျူရှုထားတာကြောင့် အကျဉ်းထောင်တွေအတွင်း အရေပြားရောဂါအပါအဝင် အခြားသော ကျန်းမာရေး ပြဿနာများဖြစ်ပွားတွေ များပြားလာမှုနဲ့အတူ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ဆက်လက် အသက်ရှင်ဖို့ အခြေအနေနည်းပါးပြီး ကျန်းမာရေးယိုယွင်းနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မှလွတ် ပေးနေခြင်းမှာလည်း ၎င်းတို့ရဲ့ ရက်စက်မှုကို ဖုံးကွယ်ပြီး အများပြည်သူကို ဟန်ဆောင် လိမ်ညာ နေခြင်းဖြစ် တယ်လို့ AAPP က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့ လာမှု အရ အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲံသီတင်းတပတ်အတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူနေအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းများအပါအဝင် လူနေအိမ် ငါးဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့တာကို မှတ်တမ်းတင် ထားတယ် လို့လည်း ဆိုပါတယ်။

ထို့ပြင် နိုဝင်ဘာလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ဇီးပေါက်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တိုင်းနှင့်ပြည်နယ်တချို့မှာ စစ်အုပ်စုမှ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနှင့် နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု တွေကြောင့် ကျန်းမာရေးချို့တဲ့မှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှုများလည်း ရှိနေတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။

Photo – AAPP

ဆက်စပ် သတင်းများ

Most read