၂၈ အောက်တိုဘာ၊ ၂၀၂၄
KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(မွန်ပြည်နယ်၊ ရေးမြို့နယ်) ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေ၊ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ (၂၅) ရက်၊ နံနက် (၁၁:၀၅) မိနစ်မှာ ဝင်းရေးမြို့နယ်၊ ပနော်ကလဲခီးကျေးရွာအနီးတစ်ဝိုက်ကို မှော်ဘီလေတပ်စခန်းက Y-12 တစ်စီးက ကင်းထောက်ပြီး နေ့လည် (၁၂:၄၈) မိနစ်အချိန်မှာ နေပြည်တော်လေတပ်စခန်းက တိုက်လေယာဉ် Yak-130 တစ်စီးက ပေါင် (၅၀၀) ဗုံး ၂ လုံးကို ပနောကလဲခီး ကျေးရွာကို လာရောက်ကြဲချခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် စောသဲမူး သေဆုံးခဲ့ပြီး၊ အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူပိုင်နေအိမ် (၂) လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNU က ဖော်ပြပါတယ်။
အောက်တိုဘာ ၁၃ ရက်ထဲက KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဝင်းရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို ပိတ်ဆို့သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက် ပစ်မှတ်တွေ၊ ကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး တုံ့ပြန် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ ရေးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ (၃,၀၀၀) ဝန်းကျင် ရှိနေပြီလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
Photo – KNU