၂၃ အောက်တိုဘာ၊ ၂၀၂၄
ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင်အလုပ်လုပ်ခွင့်ရပြီး သက်တမ်းကုန်သွားသူများ၊ တရားဝင်ရောက်လာပေမယ့် တရားမဝင်အလုပ်လုပ်နေသူများအနေနဲ့ ထိုင်းနိုင်ငံ အတွင်းမှာပဲ ယာယီနေထိုင်လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ပြီလို့ ဗန်ကောက်မြို့ မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။
တရားမဝင်ရောက်ရှိနေသူတွေအနေနဲ့ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရပြီးရင် ထိုင်းနိုင်ငံအတွင်းမှာ ၁ နှစ်သက်တမ်း နေထိုင်လုပ်ကိုင်လို့ ရမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားတဲ့နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI ကိုင်ဆောင်ထားတဲ့ သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားတွေက (၂) နှစ်သက်တမ်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး သက်တမ်းပြည့်တဲ့ အခါမှာလည်း နောက်ထပ် ၂ နှစ်ဆက်တိုးခွင့်ပြုမှာ ဖြစ်တဲ့အတွက် စုစုပေါင်း (၄) နှစ် ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေအတွက် အလုပ်ဟောင်းကထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်တဲ့အချိန်ကာလကို အရင်က ရက် (၃၀) သတ်မှတ်ထားရာက အခု ရက်ပေါင်း (၆၀) ထိတိုးမြှင့်သတ်မှတ် ပေးထားပါတယ်။
အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရမှာဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်တွေကို မှတ်ပုံတင်အရာရှိဆီ တင်ပြနေရတာကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။
MoU သက်တမ်းကုန်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ မိမိရဲ့ နိုင်ငံကူး လက်မှတ်မှာသက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိရေး၊ CI စာအုပ် ကိုင်ဆောင်ထားသူများအနေနဲ့ သက်တမ်း ၂ နှစ်ခန့် ကျန်ရှိစေရေး အမြန်ဆုံး ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ်အသစ်တွေ လဲလှယ်ဖို့ကို မြန်မာသံရုံး (ဗန်ကောက်) နဲ့ ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်)တို့မှာ ဆောင်ရွက်ပေးနေပြီး သက်တမ်းကုန်/ သက်တမ်းမပြည့်မီတဲ့ CI စာအုပ်အဟောင်းတွေကို CI စာအုပ်အသစ်လဲ လှယ်နိုင်ဖို့ စခန်းဖွင့်လှစ်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
ပုံစာ – ရွှေ့ပြောင်းလုပ်သားများအား အလုပ်သမားအခွင့်အရေးနဲ့ပတ်သတ်ပြီး ထိုင်းအခြေစိုက်NGOအဖွဲ့ တစ်ခုက ရှင်းပြနေစဉ်
Photo – MWG