Homeပြည်တွင်းသတင်းစစ်ကောင်စီက ဓာတုလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်စေရန်ကြိုးပမ်းမှုကို ထောက်ခံဟုဆို

စစ်ကောင်စီက ဓာတုလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်စေရန်ကြိုးပမ်းမှုကို ထောက်ခံဟုဆို

၁၄ အောက်တိုဘာ၊၂၀၂၄

ပြည်တွင်းတိုက်ပွဲတွေအတွင်း ဓာတုလက်နက်တွေနဲ့ အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်က ဓာတုလက် နက် ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်စေဖို့ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်မှာ အောက်တို ဘာလ(၈)ရက်နေ့ မှ အောက်တိုဘာလ(၁၁)ရက်နေ့အထိကျင်းပနေတဲ့ OPCW ရဲ့ (၁၀၇)ကြိမ်မြောက် Executive Council အစည်းအဝေး (EC -107)အတွင်း စစ်ကောင်စီက တက်ရောက်ဆွေးနွေးစဉ် အခုလိုပြောဆိုခဲ့ တာဖြစ် ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ CWC စာချုပ်ရဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေကို အပြည့်အဝလိုက်နာဆောင်ရွက်နေပြီး ဓာတုလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်စေဖို့ OPCW ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း၊ CWC စာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အရေးကြီးတာကို အခိုင်အမာယုံကြည်တယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါ့အပြင် OPCW မှ CWC စာချုပ်၊ Article XI အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေးအစီအစဉ်တွေနဲ့ သင်တန်းတွေမှာ မြန်မာနိုင်ငံမှ ပိုမိုပူးပေါင်း ပါဝင်ခွင့် ရရှိလိုကြောင်း နဲ့ AI နည်းပညာရဲ့ စိန်ခေါ်မှုတွေကို OPCW Technical Secretariat အနေနဲ့ သုတေ သနပြုဆောင်ရွက်နေမှုကို ကြိုဆို အသိအမှတ်ပြုတယ်လို့လည်း ဆိုထားပါတယ်။

အဆိုပါ အစည်းအဝေးအတွင်း စစ်ကောင်စီတပ်က ဓာတုလက်နက်အသုံးပြုမှုကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပေမယ့် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ AA၊ MNDAA၊ KNLA၊ KNDF နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြား စစ်ကောင်စီက ဓာတုလက်နက်တွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီးက သတင်းထုတ်ပြန်ခဲ့မှုတွေရှိနေပါတယ်။

ပုံစာ- နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်မြို့တွင်ကျင်းပခဲသည့် OPCW ရဲ့ (၁၀၇)ကြိမ်မြောက် Executive Council အစည်းအဝေး

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read