Homeပြည်တွင်းသတင်းကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း KNU သတင်းထုတ်ပြန်

ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း KNU သတင်းထုတ်ပြန်

၂၅ စက်တင်ဘာ၊ ၂၀၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်) အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အရပ်သားပြည်သူကို ဥပဒေမဲ့ပစ်သတ်တာ၊ ဖမ်းဆီးပြီး ငွေအတင်းတောင်းခံတာတွေ လုပ်နေ တယ်လို့ KNU – ကရင်အမျိုးသားအစည်းအရုံး ဗဟိုက ထုတ်ပြန်ပါတယ်။

KNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှာ စက်တင်ဘာလ (၁၉)ရက် ညနေ(၃)နာရီဝန်းကျင်က စစ်ကောင်စီရဲ့ ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီးတစ်လုံး အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် စံဖဲကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲပြီး စံဖဲကျေးရွာက ဘုန်းကြီး (၂)ပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာ သံဆိပ်စခန်းက စစ်ကောင်စီရဲ့ စုပေါင်းစစ်ကြောင်းအဖွဲ့ဟာ သံဆိပ်ကျောင်းကုန်း ရွာသူရွာသားတွေနဲ့ အင်္ဂနီ ကျောက်တန်းရွာသူရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ပျဉ်ရေရွာနေ ကိုရဲမြင့်အောင် (အသက် ၃၆နှစ်)ကို နေ့လည် ၁၂ နာရီဝန်းကျင်မှာ ပစ်သတ်သွားပါတယ်။

စက်တင်ဘာ ၂၂ ရက်မှ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)အတွင်း ကျောက်တံခါး ရဲတပ်ဖွဲ့က မနက် ၁၀နာရီ ခွဲဝန်းကျင်မှာ တောရကျောင်းဇရပ်ဝန်းကျင်မှာ ဖျံတလင်းကျေးရွာက ပြည်သူနှစ်ဦးကို မြန်မာ ငွေ(၇၅၀,၀၀၀) ကျပ်၊ ဗောဓိကွင်းကျေးရွာက ပြည်သူနှစ်ဦးကို မြန်မာငွေ(၂၅၀,၀၀၀)ကျပ် ဖမ်းဆီး ငွေတောင်း ခံခြင်းတွေ လုပ် ခဲ့တယ်လို့ KNU ဗဟိုက စက်တင်ဘာ ၂၄ ရက်က သတင်းထုတ် ပြန်ထားပါတယ်။

Photo – KHRG

ဆက်စပ် သတင်းများ

Most read