Homeပြည်တွင်းသတင်းရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီး မြေပြိုနေ အရေးပေါ်အကူအညီများ လိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီး မြေပြိုနေ အရေးပေါ်အကူအညီများ လိုအပ်

၁၁ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့တွေ ဖြစ်ကြတဲ့ ကလော၊ တောင်ကြီး ၊ အောင်ပန်း ၊ ပင်လောင်း ၊ ရွှေညောင် ၊ ညောင်ရွှေ ၊ ဟိုပုံးမြို့တွေမှာ မနေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဆိုင်ကယ်၊ ကားအသွားအလာတွေလည်း ရပ်တန့်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားနေပြီး ဘုရားဖြူနယ်မြေမှာလည်း ချောင်းရေတက်တဲ့အတွက် အုတ်တံတိုင်းပြိုကျနေပြီး မြေပြိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တောင်ကြီးမြို့ပေါ် နေရာတော်တော်များများမှာ ရေကြီးနေပြီး တချို့နေရာတွေမှာ ရေက ခါးလည်ထိ ရောက်နေတယ်လို့ တောင်ကြီး ဒေသခံတွေက ဆိုပါတယ်။

ကလောမြို့အဝင် ရေယား ကားရပ်နားစခန်းနားမှာ မြေပြိုပြီး သစ်ပင်တွေ လဲကျနေတယ်လို့ သိရပါတယ်။ ကားလမ်းအဝင်တွေတော့ ဖွင့်ထားပါတယ်။ ရွေညောင်မှာလည်း ဒီနေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှာ ပြည်ထောင်စုလမ်းမကြီးနဲ့ ရထားသံလမ်းကလွဲပြီး တမြို့လုံး ရေမြုပ်နေတယ်လို့ သိရပါတယ်။ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တောင်ကြီးမြို့ပေါ်က ဝါးပြားကန်ကို ဖောက်ချထားတယ်လို့ သိရပြီး ညောင်ရွှေမြို့ပေါ်က သာစည်ကန်ကလည်း ရေတွေ လျှံတက်နေတာကြောင့် အနိမ့်ပိုင်း လူနေရပ်ကွက်တွေကလူတွေကို ဘေးလွတ်ရာရှောင်ဖို့ လူမှုရေးအသင်းတွေက သတိပေးထားတယ်လို့ ဆိုပါတယ်။ ပင်လောင်းမြို့၊ ရပ်စောက်မြို့နဲ့ ဟိုပုံးမြို့တွေမှာလည်း မနေ့ကထဲက မိုးအဆက်မပြတ် ရွာနေတာကြောင့် ရေကြီးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တောင်ကြီးမြို့အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်(ရပခ) နဲ့ မြို့တော်ခန်းမကို စစ်တပ်အရာရှိတွေနဲ့ ဒေသဆိုင်ရာအကြီးအကဲတွေကို နယ်မြေတည်ငြိမ်အေးချမ်းမှုကို ထိန်းထားဖို့၊ ဒေသတွင်းက ပြည်သူတွေနဲ့ တသားတည်းဖြစ်အောင်နေဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပုံစာ -( ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့တွေ ရေကြီးနေမှု မြင်ကွင်းများ )
Photo – TGI Support Revolution

ဆက်စပ် သတင်းများ

Most read