Homeပြည်တွင်းသတင်းလာရှိုးထောင်မှလွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် ပါတီတာဝန်ထမ်းဆောင်မည်

လာရှိုးထောင်မှလွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် ပါတီတာဝန်ထမ်းဆောင်မည်

၃၁ ဩဂုတ်၊၂၀၂၄

မကြာသေးမီက လာရှိုးထောင်မှလွတ်မြောက်လာတဲ့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်း ဟိန်က ပါတီတာဝန်တွေ ပြန်ထမ်းဆောင်တော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က သူရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလာ ပါတယ်။

ဦးထွန်းထွန်းဟိန်က ပါတီမှတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပါတီကတာဝန်ပေးပါက ထမ်းဆောင် မည်ဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးထွန်းထွန်းဟိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ ကြားကာလ စတုတ္ထအကြိမ်အစည်းအဝေးမကျင်းပမီ ပါတီ ဝင်များအားတက်ရောက်နှုတ်ဆက်ခဲ့ပြီး ပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်ခံရပြီး ပုဒ်မ ၁၂၂ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတာပါ။ သူ့ကို လားရှိုးအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့ အကျဉ်းထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို MNDAA ကိုးကန့်ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်း သားတွေအပါအဝင် အကျဉ်းသားတွေ နဲ့အတူ လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှာ Zoom မှတဆင့် ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read