Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ပျမ်းမျှ လစဉ် အရပ်သား ၇၁ ဦး သေဆုံးနေ ကြောင်း Data For...

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ပျမ်းမျှ လစဉ် အရပ်သား ၇၁ ဦး သေဆုံးနေ ကြောင်း Data For Myanmar စစ်တမ်းထုတ်ပြန်

၂၈ ဩဂုတ်၊ ၂၀၂၄

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု များပြားနေပြီး ပျမ်းမျှ တစ်လကို ၇၁ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိနေရတယ်လို့ Data For Myanmar -DFM ရဲ့ ဇူလိုင်လအစီရင်ခံစာအရ သိရပါတယ်။

အရပ်သားသတ်ဖြတ်ခံရမှုတွေဟာ ကလေး၊ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ တမူးနှင့် မင်းကင်းမြို့နယ်တွေမှ အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ဇူလိုင်လ ၃၁ ရက်အထိ ပြည်တွင်းမီဒီယာတွေနဲ့ သတင်း ရင်းမြစ်တွေဆီက ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံပြီး Data for Myanmar က တွက်ချက်တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက် ဇူလိုင်လ ၃၁ အထိ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၄၉၉ ဦးသေဆုံးပြီး အရပ်သား ၄၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ DFM က ဖော်ပြပါတယ်။

သေဆုံးသူတွေထဲက ၄၂၈ ဦးက အာဏာသိမ်းစစ်တပ်ကြောင့် သေဆုံးရ တာဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင်တွေကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့တွေကြောင့် ၉ ဦးနဲ့ ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦး သေဆုံးခဲ့ရတယ်လို့ ခွဲခြားဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ထိမှန်သေဆုံးသူ၊ အရပ်သားအချင်းချင်း/ရာဇဝတ်ဂိုဏ်းများနဲ့ အခြားကျူး လွန်သူကို အတည်မပြုနိုင်တဲ့ ဖြစ်စဉ်တွေကြောင့် သေဆုံးသူက ၃၈ ဦးအထိရှိပါတယ်။

အရပ်သားသေဆုံးသူတွေထဲက ၁၅၉ဦး ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်များဖြစ်ပြီး အဓိက လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အရပ်သားသေဆုံးမှု များပြားမြင့်တက်လာတာမှာ လက်နက်ကိုင်အဖွဲ့ အစည်း တွေ အထူးသဖြင့် စစ်ကောင်စီအနေနဲ့ စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းခြင်း၊ အရပ်သားနဲ့ လက်နက်ကိုင်ကို မခွဲခြားဘဲ လက်လွတ်စပယ်တိုက်ခိုက်တာ၊ အရပ်သား ပြည်သူတွေကို မထိခိုက်စေဖို့ ကြိုတင်ပြင်ဆင်မှုအားနည်းတာကြောင့် ဖြစ်တယ်လို့ Data for Myanmar က ဆိုပါတယ်။

ပုံစာ(ဒီပဲယင်းမြို့နယ် ဆူးတပ်ကျေးရွာကို ဩဂုတ် ၉ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပုံ )

ဆက်စပ် သတင်းများ

Most read