Homeနိုင်ငံတကာသတင်းတယ်လီဂရမ်တည်ထောင်သူ Pavel Durov ကို ပြင်သစ်လေဆိပ်မှာ ဖမ်းဆီး

တယ်လီဂရမ်တည်ထောင်သူ Pavel Durov ကို ပြင်သစ်လေဆိပ်မှာ ဖမ်းဆီး

၂၅ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၂၄ ရက် ည၈ နာရီဝန်းကျင်မှာ Telegram application ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် Pavel Durov ကို ပါရီမြို့အပြင်ဘက်က Bourget လေဆိပ်မှာ ဖမ်းဆီးခံ ခဲ့ရပါတယ်။

အသက် ၃၉ နှစ်အရွယ် Durov ဟာ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အဇာဘိုင်ဂျန်ခရီးစဉ်က ပျံသန်းလာ ပြီး ပြင်သစ်ကိုရောက်ရှိချိန်မှာ ဖမ်းဝရမ်းနဲ့ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ကို တနင်္ဂနွေနေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ ယူဆထားပြီး ဘယ်လိုစွဲချက်နဲ့ ဖမ်းဆီးတယ်ဆိုတာကို မသိရသေးပါဘူး။

Durov ဟာ ရုရှားနိုင်ငံဖွား စွန့်ဦးတီထွင်သူဖြစ်ပြီး ပြင်သစ်နဲ့ UAE တို့ရဲ့ နှစ်နိုင်ငံနိုင်ငံသား(Dual Citizenship) အဖြစ် ခံယူထားသူဖြစ်ပါတယ်။ Durov မှာ လက်ရှိ ပိုင်ဆိုင်မှာ ဒေါ်လာ ၁၅.၅ ဘီလီယံရှိမယ်လို့ Forbes က ခန့်မှန်းထားပါတယ်။

သူဟာ ရုရှားလူမှုကွန်ယက် VK ကို ကနဦးတည်ထောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ယက် VK မှာ အတိုက်အခံအသိုင်းအဝိုင်းတွေကို ပိတ်ပင်ဖို့ ရုရှားအစိုးရတောင်းဆိုမှုကို ငြင်းပယ်လိုက်ပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံမှ ထွက်ခွာလာသူ ဖြစ်ပါတယ်။

VK လူမှုကွန်ယက်ကိုလည်း တခြားသူဆီမှာ လက်လွှဲရောင်းချထားပါတယ်။ ၂၀၁၃ မှာ ပြင်ပက အလွယ်တကူ ဖောက်ဝင်လို့မရတဲ့ End to End Encryption ကုဒ်ဝှက်စာပို့စနစ် Telegram messaging app ကို သူ့အစ်ကိုဖြစ်သူ Nikolai နဲ့အတူ တည်ထောင်ထားပြီး လက်ရှိမှာ အသုံးပြုသူ တစ်ဘီလီယံနီးပါး ရှိပါတယ်။

Telegram ဟာ Facebook၊ YouTube၊ WhatsApp၊ Instagram၊ TikTok နှင့် Wechat ပြီးရင် လူသုံးအများဆုံး လူမှုမီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

Pavel Durov ကို ဖမ်းဆီးခြင်းနဲ့ပတ်သတ်ပြီး ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နဲ့ Telegram ဘက်က ထုတ်ပြန်ကြေညာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Photo – စကိုင်းနယူးစ်

ဆက်စပ် သတင်းများ

Most read