Homeနိုင်ငံတကာသတင်းမြန်မာနိုင်ငံကဖိနှိပ်ခံလူတန်းစားတွေအတွက်ရပ်တည်ပေးခဲ့တဲ့ ပါမောက္ခဂျိမ်းစကော့ ကွယ်လွန်

မြန်မာနိုင်ငံကဖိနှိပ်ခံလူတန်းစားတွေအတွက်ရပ်တည်ပေးခဲ့တဲ့ ပါမောက္ခဂျိမ်းစကော့ ကွယ်လွန်

၂၂ ဇူလိုင်၊ ၂၀၂၄

အမေရိကန် နိုင်ငံရေးသိပ္ပံ နဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ဟာ ၂၀၂၄ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်က သူ့ရဲ့နေအိမ်မှာကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ ၈၇ နှစ်ရှိပြီ ဖြစ်ကာ ဖခင်ဖြစ်သူ James Scott ကွယ်လွန်မှုနဲ့ပတ်သတ်ပြီး သားဖြစ်သူ Aaron Scott က “Don’t send flowers, send money to the Burmese/Myanmar resistance.” “လွမ်းသူ့ပန်းခွေတွေ ပို့မယ့်အစား ဗမာပြည်တော်လှန်ရေးကိုသာ ငွေလှူပေးပါ” လို့ လူမှကွန်ယက်မှာရေးသားထားပါတယ်။

ပါမောက္ခ ဂျိမ်းစကော့ဟာ ငယ်စဉ်ထဲက မြန်မာနိုင်ငံကို အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေ စတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တာတွေကို လေ့လာဖော်ပြခဲ့သူ ဖြစ်ပါတယ်။

ခေတ်ပြိုင်နိုင်ငံရေးကို အထူးပြုလေ့လာပြီး မြန်မာနိုင်ငံအပါအဝင် အ‌ရှေ့တောင်အာရှက တောင်သူလယ်သမားတွေ၊ အဖိနှိပ်ခံလူတန်းစားတွေ၊ အာဏာမဲ့ လူမှုအသိုက်အဝန်းတွေ၊ အောက်ခြေလူထု နိုင်ငံရေးနဲ့ မင်းမဲ့ဝါဒဆိုင်ရာ ဘာသာရပ်တွေ နှစ်ပေါင်းများစွာ မြေပြင်သုတေသန အများအပြားပြုလုပ်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ Weapons of the Weak (အဖိနှိပ်ခံတွေရဲ့ ကိုယ်ပိုင်လက်နက်များ)၊ The Art of Not Being Governed (စိုးမိုးအုပ်ချုပ်ခံဘဝက အနုပညာမြောက်ရုန်းထွက်ခြင်း)၊ Domination and the Arts of Resistance (ကြီးစိုးခြယ်လှယ်မှုနဲ့ တန်ပြန်တော်လှန်ခြင်းအနုပညာ)၊ Moral Economy of the Peasant (တောင်သူလယ်သမားတွေရဲ့ သမစိတ္တစီးပွား‌ရေး) စတဲ့ စာအုပ်တွေဟာ မြန်မာပြည်စာဖတ်ပရိသတ် အကြား နာမည်ကြီးတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံသားတွေအတွက် Independent Journal of Burmese Scholarship လွတ်လပ်တဲ့ မြန်မာသုတေသန ဂျာနယ်ကို သူတက်ရောက်ခဲ့တဲ့ Yale တက္ကသိုလ်ရဲ့ အကူအညီ ရံပုံငွေကို ရယူပြီး ထုတ်ဝေခဲ့ပါတယ်။

ဒေါ်အောာင်ဆန်းစုကြည် အတိုင်ပင်ခံတာဝန်ကို ထမ်းဆောင်နေတုန်း ယေးလ်တက္ကသိုလ်ကို သွားရောက်ခဲ့ပြီးနောက်မှာ ယေးလ်တက္ကသိုလ် တာဝန်ရှိသူတွေက သူနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် တစ်ခုခုအထောက်အပံ့ဖြစ်စေမယ့်အရာမျိုးလုပ်ဖို့ တိုင်ပင်ပါတယ်။

ဒီနောက်မှာ Independent Journal of Burmese Scholarship ကို ယေးလ်တက္ကသိုလ်က ဒေါ်လာ တစ်သိန်းခွဲ ရံပုံငွေ မတည်ကာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ မှာ စတင်ထုတ်ဝေတဲ့ IJBS ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးနဲ့ အွန်လိုင်း၊ ပုံနှိပ် နှစ်မျိုးလုံး ထုတ်ပါတယ်။

၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်အပြင်ဘက်မှာပဲ ပုံနှိပ်မူကို ထုတ်ဝေကာ နောက်ဆုံးထုတ်ဝေတဲ့ Issue ဟာ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ မေလမှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read