ဩဂုတ် ၂၇၊ ၂၀၂၆ | New Day Myanmar
နီပေါနိုင်ငံနဲ့ တရုတ်တိဘက်နယ်စပ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ အကြီးအကျယ် ရုတ်တရက်ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုကြောင့် အနည်းဆုံး ၁၆၂ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် နီပေါကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်တွေအသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
ဩဂုတ် ၂၆ ရက်က ဟိမဝန္တာဒေသ နီပေါ-တိဘက်နယ်စပ်အနီးမှာ ရေခဲတောင်အောက်ပိုင်းက ရေခဲနဲ့ ကျောက်တုံးအစုအဝေးကြီး ပြိုကျပြီး မြစ်ထဲကို ကျရောက်ရာကနေ ရေ၊ ရွှံ့နဲ့ ကျောက်တုံးတွေ အရှိန်ပြင်းပြင်း စီးဆင်းလာပြီး မြို့ရွာတွေ၊ လမ်းတွေ၊ တံတားတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
နီပေါရဲတပ်ဖွဲ့က သေဆုံးသူအရေအတွက်ဟာ ၁၆၂ ဦးထက် ထပ်တိုးလာနိုင်တယ် လို့ သတိပေးထားပြီး ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ထားတာကြောင့် အလောင်းတွေ ထပ်မံတွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။
နီပေါခရီးသွားလုပ်ငန်းအာဏာပိုင်တွေအဆိုအရ ပျောက်ဆုံးနေတဲ့ ခရီးသွား ၅၇၉ ဦး ထဲမှာ နိုင်ငံခြားသား ၄၀၀ ကျော် ပါဝင်ပါတယ်။ ပျောက်ဆုံးသူတွေထဲမှာ အမေရိကန် ၄၇ ဦး၊ ဩစတြေးလျ ၃၄ ဦး၊ ဗြိတိန် ၃၃ ဦးနဲ့ ကနေဒါ ၂၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
တိဘက်ဘက် Gyirong ခရိုင်မှာတော့ တရုတ်နိုင်ငံပိုင်မီဒီယာက ပျောက်ဆုံးသူ ၅၅၈ ဦး ရှိတယ်လို့ ဖော်ပြထားပြီး အဲဒီထဲမှာ နိုင်ငံခြားသား ၂၆၀ ဦး ပါဝင်ပါတယ်။ ဒါပေမယ့် နီပေါနဲ့ တရုတ်ဘက်က ပျောက်ဆုံးသူစာရင်းတွေ ထပ်နေမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ရေလွှမ်းမိုးမှုအပြင်းဆုံးဒေသတွေမှာ နီပေါစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ တဲ၊ အစားအစာနဲ့ အရေးပေါ်ပစ္စည်းတွေ ချပေးနေပြီး အိန္ဒိယကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ထားပါတယ်။ ကုလသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကလည်း အကူအညီပေးဖို့ လုပ်ဆောင်နေပါတယ်။
အမေရိကန်အစိုးရကလည်း သဘာဝဘေးတုံ့ပြန်ရေးအကြံပေးတဦး ပို့ဆောင်ပြီး ဒေါ်လာ ၅ သိန်း အကူအညီပေးမယ်လို့ ကြေညာထားပါတယ်။
အစောပိုင်းမှာ ဒီဖြစ်ရပ်ကို ပြင်းအား ၄ ဒသမ ၄ ရှိ မြေငလျင်တခုကြောင့် ရေခဲတောင်ပြိုကျတာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ကတော့ အဲဒီလှုပ်ခတ်မှုဟာ မြေငလျင်မဟုတ်ဘဲ ရေခဲနဲ့ ကျောက်တုံးအစုအဝေးကြီး ပြိုကျရာက ထွက်ပေါ်လာတဲ့ တုန်ခါမှု ဖြစ်တယ်လို့ နောက်ပိုင်းမှာ ပြောပါတယ်။
ဂြိုဟ်တုဓာတ်ပုံ စစ်ဆေးချက်တွေအရ နီပေါ-တရုတ် Rasuwagadhi နယ်စပ်ဂိတ်ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ Lhende မြစ်အနီးမှာ ရေခဲနဲ့ ကျောက်တုံးအစုအဝေးကြီး ပြိုကျခဲ့ပြီး အဲဒီကနေ ရွှံ့၊ ကျောက်နဲ့ ရေတွေ အရှိန်ပြင်းပြင်း စီးဆင်းလာတာ ဖြစ်နိုင်တယ်လို့ နီပေါသဘာဝဘေးအာဏာပိုင်တွေက ဆိုပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မြစ်ကမ်းဘေးရွာတချို့ လုံးဝနီးပါး ပျောက်ကွယ်သွားပြီး လမ်း၊ တံတားနဲ့ ဆက်သွယ်ရေးစနစ်တွေ ပျက်စီးနေသလို လျှပ်စစ်မီးလည်း ပြတ်တောက်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲရှိနေပါတယ်။

