Homeပြည်တွင်းသတင်းKBZ နဲ့ AYA Bank တွေက သုံးစွဲသူတွေရဲ့အချက်အလက်တွေရထားတယ်လို့ The Crew ဆိုက်ဘာရာဇဝတ်အဖွဲ့ကြေညာ

KBZ နဲ့ AYA Bank တွေက သုံးစွဲသူတွေရဲ့အချက်အလက်တွေရထားတယ်လို့ The Crew ဆိုက်ဘာရာဇဝတ်အဖွဲ့ကြေညာ

ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံက KBZ Bank နဲ့ AYA Bank တို့ရဲ့ အချက်အလက်တွေ ရယူထားတယ်လို့ The Crew အမည်ရှိ ငွေညှစ်ဆိုက်ဘာရာဇဝတ်အဖွဲ့က သူတို့ရဲ့ အချက်အလက်ပေါက်ကြားမှုဖော်ပြတဲ့ Dark web က စာမျက်နှာမှာ ဩဂုတ် ၂၄ ရက်က ထုတ်ဖော်ကြေညာထားပါတယ်။

ငွေညှစ်ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို စောင့်ကြည့်တဲ့ အဖွဲ့တွေကလည်း KBZ Bank နဲ့ AYA Bank တို့ကို The Crew ရဲ့ ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတာ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် The Crew ထုတ်ဖော်ထားတဲ့ အချက်အလက်တွေဟာ ဘဏ်နှစ်ခုရဲ့ အမှန်တကယ်ဒေတာတွေ ဟုတ်၊ မဟုတ်ကို လက်ရှိအချိန်အထိ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

The Crew က KBZ Bank နဲ့ AYA Bank တို့အပြင် မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ Htoo Hospitality နဲ့ Parami University တို့ရဲ့ ဒေတာတွေကိုလည်း ရယူထားတယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။ ဒါ့အပြင် Cyprus Airways နဲ့ အင်ဒိုနီးရှားရဲအရာရှိတွေရဲ့ ဒေတာအစုအဝေးကိုပါ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပေမယ့် အဲဒီအဖွဲ့အစည်းတွေ အမှန်တကယ် ဖောက်ထွင်းခံရတာ၊ ဒေတာပေါက်ကြားတာ ရှိ၊ မရှိကိုတော့ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

KBZ Bank နဲ့ပတ်သက်ပြီး The Crew က ဘဏ်ဝန်ဆောင်မှုအသုံးပြုသူစာရင်းနဲ့ အင်တာနက်ဘဏ်ဝန်ဆောင်မှု အသုံးပြုသူအကောင့်အချက်အလက်တွေ ရထားတယ်လို့ ပြောထားပြီး အီးမေးလ်လိပ်စာ၊ အသုံးပြုသူအမည်နဲ့ စကားဝှက်တွေ ပါဝင်တဲ့ နမူနာအချက်အလက်တချို့ကို ပြသထားပါတယ်။

ဒါ့အပြင် KBZ Bank ရဲ့ ကိုယ်တိုင်ဝန်ဆောင်မှုရယူနိုင်တဲ့ ဘဏ်ဝန်ဆောင်မှုစနစ် နဲ့ ဆက်နွှယ်တဲ့ ကိုယ်ရေးအချက်အလက်တွေ၊ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်တွေ ပါဝင်တယ်လို့လည်း The Crew က ပြောထားပါတယ်။

The Crew ရဲ့ ဖော်ပြချက်ထဲမှာ KBZPay ဒေတာ လို့ သီးခြားဖော်ပြထားတာ မတွေ့ရဘဲ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူစာရင်း၊ အင်တာနက်ဘဏ်ဝန်ဆောင်မှုနဲ့ ကိုယ်တိုင်ဝန်ဆောင်မှုစနစ်ဆိုင်ရာ အချက်အလက်တွေကိုသာ ရည်ညွှန်းထားတာကြောင့် KBZPay အသုံးပြုသူတွေရဲ့ ဒေတာ ပေါက်ကြားသွားပြီလို့ လက်ရှိမှာ အတည်ပြုဖို့ ခက်ခဲသေးတယ်လို့ နည်းပညာကျွမ်းကျင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

AYA Bank ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ဒေတာပေါက်ကြားမှုတစ်ကြိမ် ကြုံခဲ့ပြီးသား ဖြစ်ပါတယ်။အဲဒီအချိန်က LAPSUS$ အဖွဲ့က AYA Bank ရဲ့ ဒေတာတွေ ရယူထားတယ်လို့ ကြေညာခဲ့ပြီးနောက် AYA Bank ကလည်း ယခင်အသုံးပြုခဲ့တဲ့ အွန်လိုင်းလျှောက်လွှာတင်စနစ်ဟောင်းတစ်ခု က ငွေကြေးဆိုင်ရာမဟုတ်တဲ့ လျှောက်လွှာအချက်အလက်တချို့ ပြင်ပကို ပေါက်ကြားခဲ့တာကို အတည်ပြုခဲ့ပါတယ်။

ဘဏ်ဘက်ကတော့ အဲဒီစနစ်ဟာ အဓိကဘဏ်လုပ်ငန်းစနစ်၊ AYA Pay နဲ့ ကတ်ဝန်ဆောင်မှုစနစ်တွေ နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ မရှိဘူးလို့ အဲဒီအချိန်က ပြောထားပါတယ်။

အခု ဩဂုတ် ၂၄ ရက်မှာ The Crew က AYA Bank ကို သူတို့ရဲ့ အချက်အလက်ပေါက်ကြားမှုဖော်ပြတဲ့ စာမျက်နှာမှာ ထပ်ပြီး ဖော်ပြလာတာ ဖြစ်ပေမယ့် AYA Bank ကို အသစ်ထပ်မံဖောက်ထွင်းပြီး ဒေတာအသစ်ရထားတာလား၊ ဇွန်လက ပေါက်ကြားခဲ့ပြီးသား ဒေတာတွေနဲ့ ဆက်နွှယ်တာလား ဆိုတာတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘဏ်တွေရဲ့ စနစ်ဟောင်းတွေက ဒေတာ ဖြစ်နေရင်တောင် အန္တရာယ်မရှိတော့ဘူးလို့ သတ်မှတ်လို့ မရဘူးလို့ နည်းပညာကျွမ်းကျင်သူ တဦးက ပြောပါတယ်။

“မှတ်ပုံတင် နံပါတ်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ အမည်အပြည့်အစုံနဲ့ အသုံးပြုသူအမည်လို အချက်အလက်တွေဟာ နှစ်ကြာသွားပေမယ့် အီးမေးလ်၊ စာတို ဒါမှမဟုတ် အတုအယောင်ဝက်ဘ်စာမျက်နှာတွေကနေ လှည့်ဖြားပြီး အချက်အလက်ခိုးယူတာ၊ လူယောင်ဆောင်လိမ်လည်တာနဲ့ အကောင့်ပြန်ယူတဲ့ လုပ်ငန်းစဉ်ကို အလွဲသုံးစားလုပ်တာ တွေမှာ အသုံးချနိုင်တဲ့ အန္တရာယ်ရှိပါတယ်။”လို့ သူက ပြောပါတယ်။

The Crew ရဲ့ ပြောဆိုချက် အမှန်ဟုတ်၊ မဟုတ် အတည်ပြုဖို့ဆိုရင် နမူနာဒေတာတွေကို ဘဏ်ရဲ့ အမှန်တကယ်ဖောက်သည်မှတ်တမ်းတွေနဲ့ လုံခြုံစွာ တိုက်စစ်တာ၊ ဆာဗာဝင်ရောက်အသုံးပြုမှုမှတ်တမ်း၊ ဒေတာဘေ့စ်ဝင်ရောက်အသုံးပြုမှုမှတ်တမ်းနဲ့ အရန်သိမ်းဆည်းထားတဲ့ မှတ်တမ်းတွေ ကို ဒစ်ဂျစ်တယ်မှုခင်းပညာနည်းလမ်းနဲ့ စစ်ဆေးတာတွေ လိုအပ်တယ်လို့ လည်း သူကဆိုပါတယ်။

KBZ Bank နဲ့ AYA Bank ဘက်ကလည်း The Crew ဖော်ပြထားတဲ့ နမူနာဒေတာတွေ အမှန်ဟုတ်၊ မဟုတ်နဲ့ သုံးစွဲသူအချက်အလက် ဘယ်အတိုင်းအတာအထိ ထိခိုက်နိုင်သလဲဆိုတာ စစ်ဆေးပြီး အများပြည်သူကို ရှင်းလင်းအသိပေးဖို့ လိုအပ်တယ်လို့ လည်း သူက ဆက်ပြီးပြောပါတယ်။

Related News

Most Read