Homeပြည်တွင်းသတင်းကုန်ဈေးနှုန်း တရိပ်ရိပ်တက်လာတာကြောင့် အိမ်ဆိုင်ငယ်တွေ ဈေးရင်းမတတ်နိုင်ဘဲ ပိတ်သိမ်းလာရ

ကုန်ဈေးနှုန်း တရိပ်ရိပ်တက်လာတာကြောင့် အိမ်ဆိုင်ငယ်တွေ ဈေးရင်းမတတ်နိုင်ဘဲ ပိတ်သိမ်းလာရ

ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar

တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဖွင့်ထားတဲ့ အိမ်ဆိုင်ငယ်တွေဟာ ဈေးရင်းပိုမိုလိုအပ်လာပြီး ရင်းနှီးငွေမတတ်နိုင်တော့တာကြောင့် ဆိုင်ပိတ်သိမ်းရတဲ့ အခြေအနေတွေ ရှိလာနေတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။

အရင်က ရှိတဲ့ ရင်းနှီးငွေအလိုက် ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချပြီး လည်ပတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကုန်ပစ္စည်းဈေးရင်းတွေ မကြာခဏတက်လာတာနဲ့ ရောင်းရငွေထဲက အမြတ်နှုန်းက လိုက်မတက်နိုင်တော့တာကြောင့် ဆိုင်ဆက်ဖွင့်ဖို့ ခက်ခဲလာတယ်လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ပစ္စည်းတစ်ခု မှာရင်းလိုက်လို့ ကုန်သွားပြီး ထပ်မှာရင် ဈေးနှုန်းက ထပ်တက်နေပြီ။ ဥပမာ ဆပ်ပြာတို့၊ အမွှေးဆီတို့ ကုန်သွားလို့ ပြန်မှာရင် နောက်တစ်ဈေး ဖြစ်နေပြီ။ ကိုယ်တွေ ဘယ်လောက်အိတ်စိုက်လိုက်လိုက် တွက်ကြည့်ရင် အမြတ်က ဆိုင်ခန်းဖိုးတောင် မကျေဘူး” လို့ သူက ရှင်းပြပါတယ်။

ကုန်ပစ္စည်းဈေးရင်း တက်လာတဲ့အတိုင်း လိုက်ပြီး ဈေးတင်ရောင်းမယ်ဆိုရင်လည်း အဝယ်ပါးလာသလို ပတ်ဝန်းကျင်က “ဈေးတင်ရောင်းတယ်” ဆိုပြီး ဝေဖန်ခံရတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“မြတ်ချင်လို့ ဈေးရောင်းတာပေါ့။ ဟိုဘက်က ဝယ်ဈေးတက်တော့ ဒီဘက်ဆိုင်သမားကလည်း နည်းနည်းတော့ ချိန်ပြီး ပြန်တင်ရောင်းရတာပေါ့။ လောဘကြီးလို့ မဟုတ်ပါဘူး။ ပစ္စည်းတစ်ခု ရောင်းမှ ၁၀၀၊ ၁၅၀ လောက် တင်တာပါ။ ဒါကို ဈေးတင်ရောင်းတယ်လို့ စွပ်စွဲခံရပြန်ရော။ ဈေးရင်းကိုက တစ်ခါနဲ့တစ်ခါ ၁၀၀ ကျော် တက်နေတော့ ကိုယ့်အတွက် ၅၀၊ ၁၀၀ တောင် မကျန်ရင် မကိုင်တော့ဘူးလေ” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ဈေးမြင့်တက်နေသလို ကလေးမုန့်မျိုးစုံ၊ ကော်ဖီမစ်၊ အသင့်စားခေါက်ဆွဲနဲ့ တခြား Ready-made အစားအသောက်တွေဟာလည်း ဝယ်ယူရတဲ့ ဈေးရင်း ပိုမြင့်လာနေတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

ဒါ့အပြင် စီးကရက်၊ ကွမ်းယာနဲ့ တွဲဖက်ရောင်းချရတဲ့ ကွမ်းရွက်၊ ကွမ်းသီးနဲ့ တခြားကုန်ကြမ်းပစ္စည်းတွေ ဈေးတက်လာတာကြောင့် အရင်က ရင်းနှီးငွေနဲ့ ဆိုင်တစ်ဆိုင်ကို ပုံမှန်လည်ပတ်နိုင်ပေမယ့် အခုတော့ ပစ္စည်းအရေအတွက် လျှော့မှာရတာ၊ တချို့ပစ္စည်းတွေ မကိုင်နိုင်တော့တာမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။

အိမ်ဆိုင်ငယ်တွေဟာ အများအားဖြင့် မိသားစုဝင်ငွေအပိုရဖို့ တစ်ပိုင်တစ်နိုင် ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ကြီးတွေလို ကုန်ပစ္စည်းအများအပြားကို ဈေးသက်သက်သာသာနဲ့ တစ်ကြိမ်တည်း ဝယ်ယူထားနိုင်တဲ့ အရင်းအနှီး မရှိကြပါဘူး။ ဒါကြောင့် လက်လီပစ္စည်းဈေးနှုန်း မကြာခဏပြောင်းလဲလာတာက ဆိုင်ငယ်တွေအပေါ် ပိုပြီး ဖိအားဖြစ်စေတယ်လို့ ဆိုင်ရှင်တွေက ဆိုပါတယ်။

ဈေးတက်လာတဲ့အတိုင်း လိုက်တင်ရောင်းရင် အဝယ်နည်းလာပြီး ဈေးမတင်ဘဲ ဆက်ရောင်းရင် အမြတ်မကျန်တဲ့ အခြေအနေကြားမှာ ဆိုင်ငယ်တွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အမြတ်မကျန်တာကြောင့် ရင်းနှီးငွေထဲက ပြန်ထုတ်သုံးရပြီး နောက်ဆုံးမှာ ဈေးရင်းမတတ်နိုင်တော့ဘဲ ဆိုင်ပိတ်လိုက်ရသူတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

ကုန်ပစ္စည်းဈေးနှုန်းတွေ ဆက်မြင့်တက်နေမယ်ဆိုရင် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မိသားစုဝင်ငွေဖြည့်တင်းဖို့ အားထားရတဲ့ အိမ်ဆိုင်ငယ်တွေ ပိုမိုလျော့နည်းလာနိုင်ပြီး မိသားစုတွေရဲ့ ဝင်ငွေရရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ ပျောက်ဆုံးသွားနိုင်တယ်လို့ ဆိုင်ရှင်တချို့က ပြောပါတယ်။

Related News

Most Read