၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ ကျူးရှူးကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
သေဆုံးသူ ၃၄ ဦးရှိကြောင်း အတည်ပြုထားပြီး နောက်ထပ်သေဆုံးသူတဦးဟာ ငလျင်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေဆဲဖြစ်တယ်လို့ ကူမာမိုတိုခရိုင်အစိုးရက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် လူ ၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ငါးဦးက ဒဏ်ရာပြင်းထန်တယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။
အင်အား ၇ ဒသမ ၁ ရှိတဲ့ ငလျင်ဟာ ဇူလိုင် ၂၈ ရက်က ကူမာမိုတိုခရိုင်၊ ယူကီမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။ ဂျပန်ငလျင်ပြင်းအားတိုင်းတာမှုစနစ်အရ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Shindo 7 အထိ မှတ်တမ်းတင်ခဲ့ပါတယ်။
သေဆုံးမှုအများစုဟာ ယာစုရှီရိုမြို့ရှိ Nippon Paper Industries စက္ကူစက်ရုံရဲ့ မီးခိုးခေါင်းတိုင် ပြိုကျမှုနဲ့ ကာရှီမာမြို့ရှိ Aeon ကုန်တိုက်မှာ ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတို့မှာ ဖြစ်ပွားခဲ့တာပါ။
စက္ကူစက်ရုံမှာ အလုပ်သမားရှစ်ဦး သေဆုံးခဲ့ပြီး တဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ Aeon ကုန်တိုက်မှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြိုကျနေတဲ့ အဆောက်အအုံအစိတ်အပိုင်းတွေအောက် ပိတ်မိနေသူ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေပါတယ်။
ငလျင်ကြောင့် လူနေအိမ်တွေ ပြိုကျတာ၊ လမ်းတွေ ပျက်စီးတာ၊ လျှပ်စစ်နဲ့ ရေပြတ်တောက်တာတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။
ကူမာမိုတိုနဲ့ အနီးတဝိုက်မှာ နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ကျော် လှုပ်ခတ်ထားပြီး ရာသီဥတုပူပြင်းမှုနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲကြုံနေရပါတယ်။
ဂျပန်အစိုးရက ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ထားပြီး ပြိုကျနိုင်တဲ့ အဆောက်အအုံတွေနဲ့ မြေပြိုမှုအန္တရာယ်ရှိတဲ့ နေရာတွေကို မဝင်ရောက်ကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။
ဓါတ်ပုံ – REUTERS


