Homeပြည်တွင်းသတင်းမြန်မာ့ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်လာပြီး လူ ၉ သန်းကျော် အရေးပေါ်ဆေးကုသမှုလိုအပ်နေ

မြန်မာ့ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်လာပြီး လူ ၉ သန်းကျော် အရေးပေါ်ဆေးကုသမှုလိုအပ်နေ

၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးစနစ်ဟာ ပြိုလဲလုနီးပါးအခြေအနေ ရောက်ရှိနေပြီလို့ The Guardian သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအများအပြားဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ နေရပ်စွန့်ခွာခဲ့ရပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ တောတွင်းဆေးခန်းတွေမှာ ဆက်လက်ကုသပေးနေကြပါတယ်။

လုံခြုံရေးအရ Elle လို့ အမည်လွှဲဖော်ပြထားတဲ့ ဆရာဝန်တဦးဟာ အာဏာသိမ်းပြီးနောက် မိသားစုနဲ့ခွဲခွာကာ တောတွင်းဆေးခန်းတခုမှာ နေရပ်စွန့်ခွာသူတွေနဲ့ စစ်ဘေးရှောင်တွေကို ကုသပေးနေသူဖြစ်ပါတယ်။

သူမဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့အန္တရာယ်အောက်မှာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း မလုံလောက်ဘဲ လူနာတွေကို ကုသပေးနေရပါတယ်။ ကလေးလူနာတွေကို အချိန်မီမကယ်တင်နိုင်တဲ့ဖြစ်ရပ်တွေ၊ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံခဲ့ရတာနဲ့ အန္တရာယ်များတဲ့အခြေအနေအောက်မှာ ကလေးမွေးဖွားခဲ့ရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

“ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေပေမယ့် မိသားစုအပေါ်မှာတော့ ကျရှုံးနေသလို ခံစားရတယ်” လို့ Elle က The Guardian ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုနဲ့ အနှောင့်အယှက်ဖြစ်စဉ် အနည်းဆုံး ၁,၉၄၈ ကြိမ်ရှိခဲ့တယ်လို့ ကျန်းမာရေးကဏ္ဍ တိုက်ခိုက်ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ Insecurity Insight ရဲ့ အချက်အလက်တွေကို ကိုးကားပြီး The Guardian က ဖော်ပြပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လအစောပိုင်းအထိ ကျန်းမာရေးဝန်ထမ်း ၁၇၅ ဦး သေဆုံးခဲ့ပြီး ၉၃၂ ဦး ဖမ်းဆီးခံထားရကာ ဆေးရုံနဲ့ ဆေးခန်းတွေ အနည်းဆုံး ၅၁၀ ကြိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ Insecurity Insight က မှတ်တမ်းတင်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတဝန်း လူပေါင်း ၉ ဒသမ ၃ သန်းဟာ ၂၀၂၆ ခုနှစ်အတွင်း အခြေခံကျန်းမာရေးဝန်ဆောင်မှု အရေးပေါ်လိုအပ်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ အဓိကအတားအဆီးတွေထဲမှာ ငွေကြေးမတတ်နိုင်တာ၊ အနီးအနားမှာ အသုံးပြုနိုင်တဲ့ ဆေးရုံဆေးခန်းမရှိတာနဲ့ လိုအပ်တဲ့ကုသမှု မရရှိတာတို့ ပါဝင်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်အုပ်စုက ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း သယ်ယူမှုတွေကို ကန့်သတ်ထားသလို ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်တန့်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ကာလဝမ်းရောဂါလို ကူးစက်ရောဂါတွေ ပိုမိုပျံ့နှံ့လာနေပါတယ်။

စစ်အုပ်စုကတော့ ကျန်းမာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုထားပြီး သေဆုံးသူတွေကို လက်နက်ကိုင်အဖွဲ့ဝင်တွေအဖြစ် စွပ်စွဲလေ့ရှိပါတယ်။

မူရင်းသတင်းရင်းမြစ် — The Guardian၊ WHO၊ Insecurity Insight

Related News

Most Read