၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ NSCN Eastern Flank အဖွဲ့က ယာယီအစိုးရတရပ် ဖွဲ့စည်းလိုက်ပြီး NSCN (IM) ပူးတွဲတည်ထောင်သူ အိုက်ဆက်ချီရှီဆွူရဲ့သား အီကာတို အိုင် ချီရှီဆွူ (Ikato I. Chishi Swu) ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပါတယ်။
Eastern Flank က ကျင်းပခဲ့တဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ အမြဲတမ်းအစိုးရတရပ် မဖွဲ့စည်းနိုင်သေးခင် ကြားကာလတာဝန်ယူဖို့ အဖွဲ့ဝင်ကိုးဦးပါ ယာယီအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံအခြေစိုက် NSCN Eastern Flank နဲ့ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်၊ Hebron စခန်းအခြေစိုက် NSCN (IM) ဗဟိုခေါင်းဆောင်ပိုင်းတို့အကြား အကွဲအပြဲဟာ သီးခြားအုပ်ချုပ်ရေးဖွဲ့စည်းတဲ့အဆင့်အထိ ပိုမိုနက်ရှိုင်းလာတာ ဖြစ်ပါတယ်။
Eastern Flank က NSCN (IM) အထွေထွေအတွင်းရေးမှူး သွင်ဂါလင် မူဗာ (Th. Muivah) နဲ့ ဥက္ကဋ္ဌ ကျူတူကူ (Q. Tuccu) တို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
Hebron အခြေစိုက် ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ နာဂအချုပ်အခြာအာဏာ၊ သီးခြားအလံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထားရှိရေး စတဲ့ အဓိကတောင်းဆိုချက်တွေကို အလျှော့ပေးနေတယ်လို့ Eastern Flank က စွပ်စွဲထားပါတယ်။
Eastern Flank ဘက်ကတော့ အိန္ဒိယနိုင်ငံထဲက အာသံ၊ မဏိပူရ၊ အာရူနာချယ်ပရာဒေ့ရှ်နဲ့ နာဂလန်းပြည်နယ်အပြင် မြန်မာနိုင်ငံဘက်က နာဂဒေသတွေကို စုစည်းထားမယ့် “မဟာနာဂလင်” ရည်မှန်းချက်နဲ့ နိုင်ငံရေး၊ လက်နက်ကိုင်လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အဖွဲ့နှစ်ဖွဲ့ကြား တင်းမာမှုတွေဟာ မတ် ၂၈ ရက်က အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ ကမ်ဂျုံခရိုင် ဟောင်ဘေရွာအနီးမှာ Eastern Flank တပ်ဖွဲ့ဝင်လေးဦး ပစ်သတ်ခံရပြီးနောက် ပိုမိုဆိုးရွားလာခဲ့တာပါ။ Eastern Flank က အဲဒီတိုက်ခိုက်မှုဟာ Hebron ခေါင်းဆောင်ပိုင်းရဲ့ ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲထားပေမဲ့ ဒီအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
NSCN (IM) ဗဟိုခေါင်းဆောင်ပိုင်းကလည်း Eastern Flank ခေါင်းဆောင်တွေဖြစ်တဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဟန်ရှီရမ်ဆန်နဲ့ အက်ဘ်ဆလမ် ရာမန်တို့ကို ပုန်ကန်မှု၊ အမိန့်မနာခံမှုနဲ့ ခွင့်ပြုချက်မရှိဘဲ သီးခြားအဖွဲ့ ဖွဲ့စည်းမှုတို့နဲ့ ဇွန် ၂၄ ရက်မှာ ထုတ်ပယ်ခဲ့ပါတယ်။
အီကာတိုချီရှီဆွူ၊ ဗစ်တာအန်ဂါမီနဲ့ တခြားခေါင်းဆောင်တွေကိုလည်း ဇူလိုင် ၇ ရက်မှာ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခဲ့ပြီး Eastern Flank လက်အောက်မှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ Hebron ဌာနချုပ်ဆီ ပြန်လာကြဖို့ အမိန့်ပေးထားပါတယ်။
NSCN (IM) ဟာ အိန္ဒိယအစိုးရနဲ့ ၁၉၉၇ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားပြီး ၂၀၁၅ ခုနှစ်မှာ Naga Framework Agreement ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ သီးခြားနာဂအလံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောထားကွဲလွဲမှုတွေကြောင့် အပြီးသတ်ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးပါဘူး။
အခုလို မြန်မာအခြေစိုက်အဖွဲ့ခွဲက သီးခြားယာယီအစိုးရ ဖွဲ့စည်းလိုက်တာဟာ NSCN (IM) အတွင်း ၁၉၈၈ ခုနှစ် အကွဲအပြဲနောက်ပိုင်း အကြီးမားဆုံး ခွဲထွက်မှုတခုဖြစ်လာနိုင်ပြီး အိန္ဒိယ-နာဂ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြင် မြန်မာ-အိန္ဒိယနယ်စပ် လုံခြုံရေးအခြေအနေကိုပါ သက်ရောက်နိုင်ပါတယ်။


