၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
လေဘာပါတီခေါင်းဆောင် အန်ဒီ ဘန်းဟမ်ဟာ ဘုရင်ချားလ်စ်ထံက အစိုးရသစ်ဖွဲ့စည်းဖို့ ဖိတ်ခေါ်ခံရပြီးနောက် ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင် ၂၀ ရက်မှာ စတင်တာဝန်ယူလိုက်ပါတယ်။
အသက် ၅၆ နှစ်အရွယ် ဘန်းဟမ်ဟာ ဆယ်စုနှစ်တခုအတွင်း ဗြိတိန်နိုင်ငံရဲ့ သတ္တမမြောက်ဝန်ကြီးချုပ်ဖြစ်သလို ဘုရင်ချားလ်စ် နန်းတက်ပြီး လေးနှစ်မပြည့်ခင်အတွင်း စတုတ္ထမြောက်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ကီယာ စတာမာက ဇူလိုင် ၂၀ ရက်မှာ ဘုရင်ချားလ်စ်ထံ တရားဝင်နုတ်ထွက်စာတင်ခဲ့ပြီးနောက် ဘန်းဟမ်ကို အစိုးရသစ်ဖွဲ့စည်းဖို့ တာဝန်ပေးခဲ့တာပါ။ စတာမာဟာ လေဘာပါတီအတွင်း ဖိအားတွေနဲ့ နိုင်ငံရေးထောက်ခံမှု ကျဆင်းလာတာတွေကြောင့် ဇွန်လအတွင်း နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံးအမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့မှာ ပထမဆုံးမိန့်ခွန်းပြောရာမှာ ဘန်းဟမ်က နှစ်ပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အဆုံးသတ်ပြီး ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပုံစံကို အခြေခံကနေ ပြန်လည်ပြုပြင်မယ်လို့ ကတိပြုပါတယ်။
“ပြည်သူတွေဟာ နိုင်ငံရေးအပေါ် စိတ်ပျက်လာတာကို ကျွန်တော်သိပါတယ်။ အကြောင်းပြချက်တွေနဲ့ အချိန်ဆွဲတာတွေ ရှိတော့မှာမဟုတ်ပါဘူး” လို့ ဘန်းဟမ်က ပြောပါတယ်။
အစိုးရအာဏာကို ဗဟိုမှာသာ စုစည်းမထားဘဲ ဒေသတွေကို ပိုမိုခွဲဝေပေးရေး၊ ပြည်သူ့ဝန်ဆောင်မှုတွေကို အများပြည်သူရဲ့ ထိန်းချုပ်မှုအောက် ပြန်ထားရေး၊ လူမှုအိမ်ရာတွေ ပိုမိုတည်ဆောက်ရေးနဲ့ အိုးမဲ့အိမ်မဲ့ လမ်းပေါ်အိပ်စက်နေရမှုကို အဆုံးသတ်ရေးတို့ကို ဦးစားပေးမယ်လို့ သူက ဆိုပါတယ်။
လူနေမှုစရိတ်မြင့်တက်နေမှု သက်သာစေမယ့် အစီအမံတွေကို ချက်ချင်းအကောင်အထည်ဖော်မှာဖြစ်ပြီး စွမ်းအင်ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးနဲ့ အိမ်ရာပြဿနာတွေကိုလည်း ကိုင်တွယ်မယ်လို့ သိရပါတယ်။ အငြင်းပွားဖွယ် ဒစ်ဂျစ်တယ်မှတ်ပုံတင်အစီအစဉ်ကိုလည်း ဖျက်သိမ်းထားပါတယ်။
ဗြိတိန်နိုင်ငံကို ရေရှည်ပြန်လည်တည်ဆောက်မယ့် ၁၀ နှစ်စီမံကိန်းတရပ်ကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့ ဘန်းဟမ်က ပြောပါတယ်။ သူ့ရဲ့ ဝန်ကြီးချုပ်ဖြစ်လာမှုဟာ လွန်ခဲ့တဲ့နှစ် ၄၀ အတွင်း ဗြိတိန်နိုင်ငံရေးရဲ့ အကြီးမားဆုံး အပြောင်းအလဲတခု ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။
ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန်ဟောင်း ဘန်းဟမ်ဟာ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် လေဘာပါတီခေါင်းဆောင်နေရာအတွက် ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရတာပါ။
ဘန်းဟမ်ဟာ အစိုးရအဖွဲ့သစ်ကို ဆက်လက်ဖွဲ့စည်းရမှာဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးအပါအဝင် အဓိကဝန်ကြီးနေရာတွေကို ဘယ်သူတွေခန့်အပ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ နောက်တကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်မတိုင်ခင် မဖြစ်မနေကျင်းပဖို့ မလိုသေးပါဘူး။


