Homeပြည်တွင်းသတင်းစစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က နိုင်ငံခြားကို ရွှေ ၄၉၀ ပိဿာခန့် ရောင်းချဖို့ ကြိုးကိုင်ညှိနှိုင်းခဲ့

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က နိုင်ငံခြားကို ရွှေ ၄၉၀ ပိဿာခန့် ရောင်းချဖို့ ကြိုးကိုင်ညှိနှိုင်းခဲ့

၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တခုက ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့ကို ချိတ်ဆက်ပြီး ရွှေ ၈၀၀ ကီလိုဂရမ် ရောင်းချဖို့ ကြိုးပမ်းခဲ့သလို အဲဒီအစီအစဉ်မှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်က ကြိုးကိုင်ညှိနှိုင်းသူအဖြစ် ပါဝင်ခဲ့တယ်လို့ Justice For Myanmar (JFM) က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

JFM ရရှိထားတဲ့ စာချုပ်မူကြမ်းတွေ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာတွေ၊ ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောဆိုထားတဲ့ စာတိုမှတ်တမ်းတွေအရ ရွှေရောင်းချရေးအစီအစဉ်မှာ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ ထိုင်းနိုင်ငံသား စီးပွားရေးမိတ်ဖက် ဥပကစ် ပါချာရီယန်ကွန်းတို့က ကြားခံညှိနှိုင်းသူတွေအဖြစ် ပါဝင်ခဲ့ပြီး ဝယ်ယူသူအဖြစ် လာအိုနိုင်ငံ AIF Group လက်အောက်ခံ ကုမ္ပဏီတခုကို ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

ငွေပေးချေမှုတွေကို AIF Group နဲ့ ဆက်စပ်နေတဲ့ လာအိုနိုင်ငံပိုင်တစိတ်တပိုင်း BIC Bank ကနေ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး အပြီးသတ်ရောင်းချသူအဖြစ် ထိုင်းနိုင်ငံအခြေစိုက် BFA (Thailand) Co., Ltd. ကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ JFM က ဖော်ပြပါတယ်။

JFM ရဲ့ အဆိုအရ ရွှေတကီလိုကို ဈေးကွက်ပေါက်ဈေးထက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ ရောင်းချဖို့ ကမ်းလှမ်းထားပြီး အစပိုင်းမှာ ရွှေ ၅၀၀ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ထွန်းမင်းလတ်နဲ့ ဥပကစ်တို့အကြား ပြောဆိုထားတဲ့ စာတိုမှတ်တမ်းတွေမှာ ခင်သီရိသက်မွန်ကို “သမီးတော်”၊ “မီးငယ်” လို့ ရည်ညွှန်းထားပြီး ရွှေရောင်းချရေးကို သူမက ကြိုးကိုင်ညှိနှိုင်းနေကြောင်း ဖော်ပြထားတယ်လို့ JFM က ဆိုပါတယ်။

JFM က စိစစ်ထားတဲ့ စာရွက်စာတမ်းတွေအရ အရောင်းအဝယ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်အထိ ရှိနိုင်ပေမယ့် နှစ်ဖက်စလုံးက လိုအပ်တဲ့ ငွေကြေးအာမခံချက်တွေ မပေးနိုင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ အစီအစဉ် ပျက်ပြယ်သွားခဲ့တယ်လို့ သိရပါတယ်။

စာရွက်စာတမ်းတွေမှာ ယခင်က ရွှေ ၂၀၀ ကီလိုဂရမ် ရောင်းချခဲ့တယ်လို့ ရည်ညွှန်းထားပေမယ့် အဲဒီအရောင်းအဝယ် အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ JFM က ပြောပါတယ်။

JFM ကတော့ ဒီဖြစ်စဉ်ဟာ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေဟာ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခိုရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အထောက်အထားဖြစ်တယ်လို့ ဆိုပြီး ထိုင်း၊ လာအိုနဲ့ ဟောင်ကောင် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျတို့အနေနဲ့လည်း စစ်အုပ်စုရဲ့ ဘဏ္ဍာရေးရင်းမြစ်တွေကို ပိုမိုတင်းကျပ်တဲ့ ပစ်မှတ်ထားအရေးယူမှုတွေ လုပ်ဆောင်ဖို့ JFM က တောင်းဆိုထားပါတယ်။

Related News

Most Read