၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၁၆ ရက် မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ၆၂၈ စင်တီမီတာရှိပြီး မနေ့ ညနေ ၆ နာရီခွဲနောက်ပိုင်း ၁၂ နာရီအတွင်း ၄၂ စင်တီမီတာ၊ တစ်ပေခွဲနီးပါး ကျဆင်းသွားတယ်လို့ မြစ်ရေအခြေအနေ စောင့်ကြည့်လေ့လာသူ ဦးနိုင်လင်းထွေးက ဆိုပါတယ်။
လက်ရှိ မြစ်ရေကတော့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁,၂၀၀ စင်တီမီတာကို ရောက်ဖို့ ၅၇၂ စင်တီမီတာ၊ ၁၈ ပေခွဲကျော်လောက် လိုသေးတာကြောင့် စိုးရိမ်ရေအမှတ်နဲ့တော့ အတော်လေး ကွာနေသေးတယ်လို့ ဆိုပါတယ်။
လောလောဆယ် မြစ်ရေက ဖြည်းဖြည်းချင်း ဆက်ကျနိုင်သေးပေမယ့် နောက် ၂၄ နာရီကနေ ၃၆ နာရီအတွင်းတော့ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း မေခနဲ့ မလိခမြစ်ဝှမ်းဒေသတွေမှာ လက်ရှိအချိန်အထိ ထူးခြားတဲ့ မိုးလေဝသဖြစ်စဉ် မရှိသေးဘဲ မိုးအသင့်အတင့်သာ ရွာနေတယ်လို့ ဆိုပါတယ်။
၎င်းရဲ့ သုံးသပ်ချက်အရ ဒီနှစ် ဇူလိုင်လ ဒုတိယနဲ့ တတိယဆယ်ရက်ပတ်အတွင်း မြစ်ကြီးနားမြစ်ရေဟာ ပုံမှန်ထက် များနိုင်ပေမယ့် စိုးရိမ်ရေအမှတ်အထိ ရောက်နိုင်ဖို့တော့ မရှိသေးဘူးလို့ ခန့်မှန်းထားပါတယ်။
အခုတစ်ကြိမ်ဟာ ဇူလိုင်လအတွင်း မြစ်ကြီးနားမြစ်ရေ အတက်အကျဖြစ်စဉ် ငါးကြိမ်မြောက်ဖြစ်ပြီး၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်က မြို့တွေမှာတော့ မြစ်ရေ အနည်းငယ်ပြန်ကျပြီးနောက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။
ချင်းတွင်းမြစ်ရိုးတစ်လျှောက်က မြို့အများစုမှာတော့ မြစ်ရေ ဆက်တက်နိုင်ပေမယ့် ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာတော့ မြစ်ရေ ဖြည်းဖြည်းချင်း ပြန်ကျလာနိုင်တယ်လို့လည်း အသိပေးထားပါတယ်။


