Homeပြည်တွင်းသတင်းမိုးကောင်းမြို့မှာ နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်ကျော်နေ၊ မြေနိမ့်ပိုင်းက ဒေသခံတွေ ရေဘေးကြိုတင်ရှောင်ကြဖို့ သတိပေး

မိုးကောင်းမြို့မှာ နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်ကျော်နေ၊ မြေနိမ့်ပိုင်းက ဒေသခံတွေ ရေဘေးကြိုတင်ရှောင်ကြဖို့ သတိပေး

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

ကချင်ပြည်နယ် မိုးကောင်းမြို့မှာရှိတဲ့ နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်နေတဲ့အတွက် ချောင်းကမ်းနားနဲ့ မြေနိမ့်ပိုင်းက ဒေသခံတွေအနေနဲ့ ရေဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နန့်ယင်းချောင်းရေဟာ စိုးရိမ်ရေမှတ်ထက် ၁ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမယ့် နန့်ကောင်းချောင်းရေကတော့ စိုးရိမ်ရေမှတ်ထက် ၆ လက်မကျော် မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေဦးမယ်လို့ သတိပေးထားပါတယ်။

မိုးကောင်းမြို့ဟာ နန့်ယင်းချောင်း (မိုးကောင်းချောင်း) ဘေးမှာ တည်ရှိပြီး နန့်ကောင်းချောင်းကလည်း မြို့အတွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းတစ်ခုဖြစ်ပါတယ်။

အဲဒီချောင်းတွေဟာ မိုးရာသီအတွင်း ကချင်ပြည်နယ် အထက်ပိုင်းက တောင်ကျရေတွေ စီးဆင်းလာတဲ့ အဓိကရေလမ်းကြောင်းတွေဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါတိုင်း မိုးကောင်းမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာလည်း ချောင်းရေတွေ စိုးရိမ်ရေမှတ်ကျော်နေဆဲဖြစ်တာကြောင့် ချောင်းကမ်းဘေးနဲ့ မြေနိမ့်ပိုင်းက ပြည်သူတွေအနေနဲ့ ပေါ့ဆလို့မရဘဲ ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်ထားကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

ပုံစာ – ယခုလ ဇွန် ၂၁ ရက်က ပထမအကြိမ် ချောင်းရေတက်လာစဉ် ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ – MOI)

ဆက်စပ် သတင်းများ

Most Read