၁၅ ဇွန် ၂၀၂၆ | New Day Myanmar
နေပြည်တော်ဘက် လူနာသွားပို့ပြီး ပြန်လာတဲ့ ပရဟိတလူမှုကူညီရေးအသင်း ယာဉ်တစ်စီးက လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို ဝင်တိုက်မိခဲ့ရာ အတိုက်ခံရသူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဇွန်လ ၁၄ ရက် မနက် ၅ နာရီဝန်းကျင်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ပရဟိတကားက လမ်းလျှောက်နေတဲ့သူကို နောက်ကနေ ဝင်တိုက်မိသွားတာပါ။ တောင်ငူမြို့က ပရဟိတအသင်းကားလို့ သိရပါတယ်။ အတိုက်ခံရတဲ့သူကတော့ သေဆုံးသွားပါပြီ” လို့ တောင်ငူမြို့ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
သေဆုံးသူဟာ ရေတာရှည်မြို့နယ်မှာ နေထိုင်သူ ကိုထွေး ဖြစ်ပြီး သုခနိုင် ကုန်စုံဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းသေဆုံးချိန်မှာ ဇနီးနဲ့ သားသမီးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှာ “လိုက်စုံစမ်းတော့လူတစ်ယောက်ကိုသူနာတင်ကားပေါ်ဆွဲတင်သွားတယ်တဲ့ကားကအနက်ရောင်တဲ့။ အဲဒါနဲ့ ရေတာ ရှည်ဆေးရုံကိုမေးတော့လာမပို့ဘူးတဲ့တောင်ငူဆေးရုံကိုမေးတော့လည်းမလာဘူးတဲ့။ ဟိုရှာဒီရှာလိုက်ရှာကြရင်း ၉ နာရီကျော်တော့တောင်ငူဆေးရုံကိုလာပို့သွားတယ်တဲ့။ ဖြစ်တာက ၆နာရီမထိုးခင်ဖြစ်တာ။ ဆေးရုံကိုပို့တော့ ၉ နာရီကျော်မှပို့တယ်။ ဒီကြားထဲဘာတွေကြံစည်နေကြလဲမသိပါဘူးဗျာ။ တိုက်ထားတာမှပြင်းပြင်းထန်ထန်ပါ။ ရက်စက်လိုက်ကြတဲ့သူတွေ။တိုက်ပြီးပြီးချင်းနီးရာအကြောင်းကြားခဲ့ရင်တောင် မိသားစုကအသက်မီချင် မီအုံးမှာပေါ့။ လုပ်တာက ပရဟိတ အကြံကပက်စက်ပါပေါ့။ ပထမတော့အပျောက်ဖြောက်ချင်တဲ့သဘော။ ရွာကလူတွေမြင်တာကသုံးယောက်ပြောတယ်။ မိတော့နှစ်ယောက်ထဲပြောတယ်သက်ဆိုင်ရာကစစ်ဆေးရင်တော့အမှုမှန်ပေါ်မှာပါ” လို့ သေဆုံးသူရဲ့ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
လက်ရှိမှာတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုကြောင့် လူသေဆုံးစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရေတာရှည်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


