Homeပြည်တွင်းသတင်းISP Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို နိုင်ငံတော်လုံခြုံရေး ပုဒ်မနဲ့တရုတ်အစိုးရ ဖမ်းဆီးထား

ISP Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို နိုင်ငံတော်လုံခြုံရေး ပုဒ်မနဲ့တရုတ်အစိုးရ ဖမ်းဆီးထား

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာ့နိုင်ငံရေးနဲ့ ပဋိပက္ခအခြေအနေတွေကို အထူးပြုလေ့လာနေတဲ့ ISP Myanmar အဖွဲ့ကို တည်ထောင်သူနဲ့ အမေရိကန်နိုင်ငံသား သုတေသီ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားပြီး တရုတ်နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ပြစ်မှုနဲ့ စွပ်စွဲထားတယ်လို့ The New York Times သတင်းစာက ဇွန်လ ၁၂ ရက်မှာ ဖော်ပြပါတယ်။

သံတမန်ရေးရာ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ကို ရောက်ရှိနေစဉ် ဇွန်လ ၃ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရုတ်လုံခြုံရေးအာဏာပိုင်တွေက ထိန်းသိမ်းထားတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးမင်းဇင်ဟာ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်မှာ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသူဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ISP Myanmar ဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ ပဋိပက္ခဆိုင်ရာ သုတေသနတွေကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

The New York Times ရဲ့ ဖော်ပြချက်အရ ဦးမင်းဇင် ဖမ်းဆီးခံရမှုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အသိုင်းအဝိုင်းကလည်း သိရှိထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံထားရတဲ့ သတင်းတွေကို သိရှိထားပါတယ်” လို့ အတည်ပြု ပြောကြားထားပါတယ်။

ဒါပေမယ့် ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုနဲ့ ဖမ်းဆီးတာဟာ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ဖမ်းဆီးမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်လုံခြုံရေးအာဏာပိုင်တွေက ဦးမင်းဇင်ကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ တရားဝင် ရှင်းလင်းပြောကြားထားခြင်း မရှိသေးပါဘူး။

ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေး၊ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေးအကြောင်းအရာတွေကို နှစ်ပေါင်းများစွာ လေ့လာရေးသားခဲ့သူဖြစ်ပြီး The New York Times၊ Foreign Policy အပါအဝင် နိုင်ငံတကာမီဒီယာကြီးတွေမှာ ဆောင်းပါးတွေ ရေးသားဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။

အကျဉ်းသားလွတ်မြောက်ရေးဆိုင်ရာ လှုပ်ရှားနေတဲ့ Dui Hua Foundation ရဲ့ အဆိုအရ တရုတ်နိုင်ငံမှာ လက်ရှိ အမေရိကန်နိုင်ငံသား ၂၀၀ ခန့်ဟာ အမျိုးမျိုးသော ဥပဒေရေးရာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် နိုင်ငံတော်လုံခြုံရေး ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူအဖြစ် ဦးမင်းဇင်တစ်ဦးတည်းသာ ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး