Homeပြည်တွင်းသတင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံစတက်စဉ်ကနေ ရုပ်အလောင်းထုတ်ယူတဲ့အထိ ငွေတောင်းခံမှုတွေရှိနေဟု လူနာရှင်တွေ ရင်ဖွင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံစတက်စဉ်ကနေ ရုပ်အလောင်းထုတ်ယူတဲ့အထိ ငွေတောင်းခံမှုတွေရှိနေဟု လူနာရှင်တွေ ရင်ဖွင့်

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့ လာရောက်ကြတဲ့ လူနာရှင်တွေဟာ ဆေးရုံတက်တဲ့အချိန်ကစပြီး အဆင့်ဆင့် ငွေတောင်းခံတာတွေ ကြုံနေရတယ်လို့ လူနာရှင်တချို့က New Day Myanmar ကို ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် အစိုးရဆေးရုံတချို့က အောက်ခြေဝန်ထမ်းတချို့ဟာ နည်းမျိုးစုံနဲ့ တရားမဝင် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ လူနာရှင်တွေက ဆိုပါတယ်။

လူနာရှင်တွေရဲ့ ပြောပြချက်အရ အခမဲ့ဖြစ်ရမယ့် ဆေးရုံတက် မှတ်ပုံတင်စာအုပ်လုပ်တာကအစ ငွေတောင်းခံတာတွေ ရှိနေသလို ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာတွေမှာလည်း “စေတနာကြေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေတောင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

တချို့အခြေအနေတွေမှာ ငွေနည်းနည်းသာ ပေးနိုင်တဲ့ လူနာရှင်တွေကို ဝန်ဆောင်မှု ပေးဖို့ နှောင့်နှေးတာ၊ ငြင်းဆန်တာမျိုးတွေအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံဓာတ်ခွဲခန်းရဲ့ စစ်ဆေးချက်တွေကို မယုံကြည်ရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်က ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာ ထပ်မံစစ်ဆေးခိုင်းတာတွေကြောင့် လူနာရှင်တွေမှာ မလိုအပ်ဘဲ ကုန်ကျစရိတ် ပိုမိုများပြားလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

တွန်းလှည်းအသုံးပြုတာကအစ ရုပ်အလောင်းထုတ်ယူတဲ့အချိန် သရဏဂုံရွတ်ဖတ်ပေးတာအဆုံး ငွေတောင်းခံတာတွေ ရှိနေပြီး ငွေမပေးရင် မျက်နှာပျက်တာ၊ ဝန်ဆောင်မှု နှောင့်နှေးတာမျိုးတွေ ကြုံတွေ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“ငွေပေးတာနည်းရင် မျက်နှာကပျက်ချင်တယ်။ အလုပ်ရှိသလိုလို၊ မအားသလိုလို လုပ်တယ်။ ကျွန်တော့်ညီတစ်ယောက် အရေးပေါ်ဖြစ်လို့ လာပြတာကို တွန်းလှည်းတွန်းပေးမယ့်သူ မရှိလို့ စောင့်ခဲ့ရတယ်။ နောက်ဆုံး ကိုယ့်ဘာသာတွန်းမယ်ဆိုတော့မှ လာပြီး တွန်းပေးတယ်။ ငွေတစ်ထောင်ပေးတော့ ငါးထောင်ပေးဆိုပြီး တောင်းတယ်” လို့ သူက ပြောပါတယ်။

လူနာတွေ့ခွင့်ရဖို့ တံခါးစောင့်ဝန်ထမ်းတချို့ကို ငွေပေးရတာမျိုးတွေလည်း ရှိနေပြီး လူနာတွန်းလှည်း တစ်ခေါက်တွန်းပေးရင် ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဆိုးရွားဆုံးကတော့ လူနာသေဆုံးပြီး ရုပ်အလောင်းထုတ်ယူချိန်မှာ သရဏဂုံကြေး ဆိုပြီး ကျပ်နှစ်သိန်းဝန်းကျင်အထိ တောင်းခံတာတွေ ရှိနေတယ်လို့ လူနာရှင်တွေက ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် လူနာရှင်မိသားစုတွေဟာ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရတဲ့အပြင် ငွေကြေးဝန်ထုပ်ဝန်ပိုးတွေပါ ပိုမိုကြီးမားလာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မြောက်ဥက္ကလာပဆေးရုံမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူရာမှာ သရဏဂုံကြေး တောင်းခံခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကူညီရေးအဖွဲ့ တာဝန်ခံတစ်ဦးက လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်တင်ကာ ဝေဖန်ခဲ့ပြီးနောက် ဆေးရုံတာဝန်ရှိသူတွေက ခေါ်ယူဆွေးနွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အဆိုပါဖြစ်စဉ်တွေကို သေချာစုံစမ်းစစ်ဆေးပြီး တရားမဝင် ငွေတောင်းခံတာတွေ ရှိနေပါက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့နဲ့ အခြေခံလူတန်းစားတွေ ကျန်းမာရေးဝန်ဆောင်မှုကို အခက်အခဲမရှိ ရရှိနိုင်အောင် ဆောင်ရွက်ပေးဖို့ လူထုကြားမှာ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး