Homeပြည်တွင်းသတင်းတောင်ငူမြို့နှင့် ကေတုမတီမြို့သစ်အနီး အင်အားရစ်ခ်တာစကေး ၃.၂ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်

တောင်ငူမြို့နှင့် ကေတုမတီမြို့သစ်အနီး အင်အားရစ်ခ်တာစကေး ၃.၂ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်

၂၈ မေ ၂၀၂၆ | New Day Myanmar

ပဲခူးတိုင်း၊ တောင်ငူမြို့အနီးမှာ ဒီကနေ့ မေ ၂၈ ရက် ညနေပိုင်းအချိန်က အင်အား ရစ်ခ်တာစကေး ၃.၂ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်သွားတယ်လို့ မြန်မာနိုင်ငံမြေငလျင်စင်တာရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

လှုပ်ခတ်သွားတဲ့ ငလျင်ဟာ ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၄ မိနစ်အချိန်မှာ တောင်ငူမြို့ရဲ့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ ကျွန်းကုန်းနဲ့ ကေတုမတီမြို့သစ်အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ငလျင်ဟာ မြေအောက်အနက် ၆ မိုင်ခန့်မှာ ဗဟိုပြုခဲ့ပြီး အင်အားအနည်းငယ်သာရှိတဲ့ မြေငလျင်ငယ် (Slight Earthquake) အမျိုးအစားဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

“လှုပ်သွားတယ်ဗျ။ နည်းနည်းပါ။ သိပ်မသိသာလိုက်ဘူး။ ကျွန်တော်အပါအဝင် လူအချို့တော့ ရိပ်ကနဲဖြစ်သွားကြတယ်။ အခု လူတိုင်းက ကြမ်းလှုပ်တာတောင် ငလျင်လားဆိုတဲ့ အသိဖြစ်နေကြတာ” လို့ ကေတုမတီမြို့က ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ခပ်စိပ်စိပ် ငလျင်လှုပ်ခတ်လာတာဟာ မြန်မာနိုင်ငံရဲ့ အန္တရာယ်အရှိဆုံးနဲ့ အရှည်လျားဆုံး ပြတ်ရွေ့ကြောတစ်ခုဖြစ်တဲ့ “စစ်တောင်းပြတ်ရွေ့ကြော” ကြောင့်ဖြစ်တယ်လို့ ငလျင်ပညာရှင်အချို့က ထောက်ပြထားပါတယ်။

စစ်တောင်းပြတ်ရွေ့ကြောဟာ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား စတဲ့မြို့တွေကို ဖြတ်သန်းသွားပြီး စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် တည်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့မြေလွှာချပ်တွေ ရွေ့လျားလာတာကြောင့် စစ်တောင်းပြတ်ရွေ့ကြောပေါ်မှာ စုမိနေတဲ့ ဖိအားတွေ ပြန်လည်ထွက်ပေါ်လာရာကနေ အခုလို ငလျင်ငယ်တွေ ခပ်စိပ်စိပ် လှုပ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် တောင်ငူနဲ့ ကေတုမတီဒေသတဝိုက်ဟာ ငလျင်ကြောပေါ်မှာ တည်ရှိနေတာကြောင့် အင်အားပြင်းငလျင်ကြီးတွေ ဖြစ်ပေါ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လတ်တလော လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ မရှိသေးပေမယ့် ဒေသခံတွေအနေနဲ့ ငလျင်ဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး