၂၈ မေ ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖ၊ ပကဖ အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က ဒီကနေ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကိုစံတင်ထွန်းကို ဖမ်းဆီးခဲ့တာနဲ့ ဒေသခံပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းမှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မင်းကင်းမြို့နယ် ပအဖ၊ ပကဖ အဖွဲ့တွေဘက်က လုံခြုံရေးအာမခံချက်ပေးပြီး တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တွေ့ဆုံဖို့ သွားရောက်နေစဉ် လမ်းခရီးမှာ ပအဖ၊ ပကဖ အဖွဲ့တွေက သေနတ်ပစ်ဖောက်ကာ ကိုစံတင်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအချိန်မှာ ကိုစံတင်ထွန်းကို ဝိုင်းရံကာကွယ်ပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့ကတော့ တော်လှန်ရေးအင်အားစုအချင်းချင်း ယုံကြည်မှုနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက်ကို ချိုးဖောက်ပြီး လက်နက်အားကိုး ဖမ်းဆီးတာနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတာတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် အခုလို လုပ်ရပ်တွေဟာ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ထုတ်ပြန်ချက်မှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းအပါအဝင် ဖမ်းဆီးထားတဲ့ SRF တပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ် လုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် လုံခြုံရေးအာမခံချက်ကို ဖောက်ဖျက်ပြီး ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ မင်းကင်း ပကဖ အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တရားဥပဒေအရ ထိရောက်စွာ စစ်ဆေးအရေးယူပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒီဖြစ်စဉ်အပေါ် တိကျတဲ့ အဖြေမထုတ်ပေးနိုင်ဘူးဆိုရင် မင်းကင်းမြို့နယ် ပကဖ အဖွဲ့နဲ့ NUG ရဲ့ တရားဝင်မှုကို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာအဆင့်မှာ ဆက်လက်ကာကွယ်နိုင်တော့မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှုနဲ့ အကာအကွယ်ပေးမှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
နောက်ဆက်တွဲ ပြဿနာတွေကို အင်အားသုံး ဖြေရှင်းတာမျိုးမလုပ်ဘဲ SRF၊ NUG၊ NUCC နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ဗကသများအဖွဲ့ချုပ်၊ GSC၊ GSCN၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP)၊ ၇၄/၇၅/၇၆ မျိုးဆက်နိုင်ငံရေးအင်အားစု၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေစဉ်


