၂၇ မေ ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့စခန်းကို စစ်ကော်မရှင်တပ်က ဒီကနေ့ မေ ၂၇ ရက် နံနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် ၁၀ ဦးခန့် ကျဆုံးပြီး စခန်းတစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ နံနက် ၁ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာအသုံးပြုကာ ရုတ်တရက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကျဆုံးခဲ့သလို ၂၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရေးဘီလူးတပ်ဖွဲ့ဘက်က “ဒီနေ့ မင်းတို့ပြုံးပါ၊ ကျန်တဲ့နေ့တွေမှာ ငါတို့အပြုံးပဲနော် မအလ” လို့ လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ဟာ ခရီးလွန်နေတဲ့အတွက် ထိခိုက်မှုမရှိဘဲ ဘေးကင်းခဲ့တယ်လို့လည်း သိရပါတယ်။
ရေးဘီလူးတပ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို အဓိက တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ – ရေးဘီလူး


