၂၁ မေ ၂၀၂၆ | New Day Myanmar
၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကတည်းက ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတွေကို ယခု ပညာသစ်နှစ်ကစပြီး Placement Test ဖြေဆိုစေကာ စစ်တပ်လက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းပြန်တက်ရောက်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း အတန်းကူးပြောင်းတက်ရောက်နိုင်ဖို့ Placement Test အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာတွေကို စစ်တပ်လက်အောက်ခံ အခြေခံပညာဦးစီးဌာနက စတင်ခေါ်ယူနေပြီလို့ သိရပါတယ်။
စစ်တပ်လက်အောက်ခံကျောင်း၊ ကိုယ်ပိုင်ကျောင်း ဒါမှမဟုတ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ဖူးသူတွေ လျှောက်ထားနိုင်ပြီး နောက်ဆုံးအောင်မြင်ခဲ့တဲ့အတန်းရဲ့ ကျောင်းထောက်ခံချက် မူရင်း သို့မဟုတ် မိတ္တူမှန် တင်ပြရမယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ထောက်ခံချက် မတင်ပြနိုင်သူတွေအနေနဲ့ အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်ထဲက ကျောင်းသားဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ တင်ပြနိုင်တယ်လို့ ဆိုပါတယ်။
အသက်အရွယ်အလိုက် တက်ရမယ့်အတန်းရဲ့ တစ်တန်းနိမ့်အဆင့်ကို ဖြေဆိုရမှာဖြစ်ပြီး ဥပမာအားဖြင့် အသက်အရွယ်အရ Grade 9 တက်ရမယ့်သူက Grade 8 အဆင့်ကို ဖြေဆိုရမှာဖြစ်ပါတယ်။ မိမိဆန္ဒအရ Grade 7 တက်ချင်ပါက Grade 6 အဆင့်ကို ဖြေရမယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို မေလ ၂၂ ရက်နေ့ကစပြီး မြို့နယ်ပညာရေးမှူးရုံးတွေမှာ ပိတ်ရက်မရှိ အခမဲ့ထုတ်ယူနိုင်ပြီး ဇွန်လ ၅ ရက်နေ့ ရုံးချိန်နောက်ဆုံးထားကာ ပြန်လည်တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်မှာ အင်္ကျီအဖြူ၊ လုံချည်အစိမ်း ဝတ်ဆင်ရမယ်လို့လည်း အသိပေးထားပါတယ်။
Placement Test အောင်မြင်သူတွေသာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အတန်းတက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။


