Homeပြည်တွင်းသတင်းရွှေပေါက်ကံမှာ စသုံးလုံးဒုစုံစမ်းရေးမှူးအပါ သားအဖသုံးဦးက ကင်းလှည့်ရဲတွေကို ကားနဲ့တိုက်ပြီး သံတုတ်နဲ့ရိုက်သတ်၊ ရဲ ၂ ဦး သေဆုံး

ရွှေပေါက်ကံမှာ စသုံးလုံးဒုစုံစမ်းရေးမှူးအပါ သားအဖသုံးဦးက ကင်းလှည့်ရဲတွေကို ကားနဲ့တိုက်ပြီး သံတုတ်နဲ့ရိုက်သတ်၊ ရဲ ၂ ဦး သေဆုံး

၁၁ မတ်လ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှာ စသုံးလုံး ဒုစုံစမ်းရေးမှူးအပါ သားအဖသုံးဦးက ကင်းလှည့်ရဲတွေကို ကားနဲ့တိုက်ပြီး သံတုတ်နဲ့ ရိုက်သတ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဖြစ်စဉ်က မတ်လ ၉ ရက်နေ့ ည ၁၀ နာရီခန့်မှာ ရွှေပေါက်ကံ ၁၂ ရပ်ကွက် ၁၂ ဈေးအနီး လူတစ်စု ရန်ဖြစ်နေတဲ့အချိန် ကင်းလှည့်ပတ်နေတဲ့ စစ်ကော်မရှင်ရဲ ၄ ဦး ဝင်တားရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“စသုံးလုံး ဒုစုံစမ်းရေးမှူးရဲ့ အကိုက မူးပြီး ရပ်ကွက်က လူတွေနဲ့ စကားများနေကြတာ။ အဲဒီအချိန် ညဘက်ဆိုတော့ ပုံမှန်အတိုင်း ရဲတွေ ကင်းလှည့်လာချိန် တွေ့ပြီး ဝင်တားတာကို မူးနေတဲ့ ဒုစုံစမ်းရေးမှူးရဲ့ အကိုက ဘာမပြောညာမပြောနဲ့ ကားမောင်းပြီး ရဲတွေကို ဝင်တိုက်တယ်။ ပြီး သူဖုန်းဆက်လိုက်တာထင်တယ်၊ သူ့ညီ ဒုစုံစမ်းရေးမှူးနဲ့ အဖေ လိုက်လာပြီး ရဲတွေကို သံတုတ်နဲ့ ထပ်ရိုက်တာ။ နှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာပြင်းတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ဒုစုံစမ်းရေးမှူးရဲ့ အကိုနဲ့ စကားများခဲ့တဲ့သူတွေက နယ်ခံလူမိုက်တွေဖြစ်တယ်လို့ သတင်းထွက်နေပေမယ့် New Day Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“လူမိုက်လို့လည်း ကြားတယ်၊ သေချာတော့ မသိဘူး။ ကံဆိုးတာက ကင်းလှည့်ရဲတွေကြားက ခံလိုက်ရတာပေါ့” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စသုံးလုံး ဒုတိယစုံစမ်းရေးမှူး အေးမင်း၊ သူ့အကို မြတ်ကိုကိုနဲ့ ဖခင် ဦးကြင်ခရမ်းတို့ကို ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ ယာယီဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်ခံရဲတပ်ဖွဲ့ဘက်က မကျေနပ်မှုတွေရှိနေပြီး အထက်အဆင့်အထိ တိုင်ကြားထားတယ်လို့ သိရပေမယ့် စစ်ကော်မရှင်ဘက်ကတော့ လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

#ရွှေပေါက်ကံ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး