Homeပြည်တွင်းသတင်းပအိုးဝ်ပြည်သူ့စစ်က အရပ်သားတစ်ဦးကို ရွာထဲဝင် ဖမ်းဆီးသတ်ဖြတ်၊ ဝက်ခြံအတွင်း အလောင်းပြန်တွေ့

ပအိုးဝ်ပြည်သူ့စစ်က အရပ်သားတစ်ဦးကို ရွာထဲဝင် ဖမ်းဆီးသတ်ဖြတ်၊ ဝက်ခြံအတွင်း အလောင်းပြန်တွေ့

၃ မတ် ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကာလကျေးရွာမှာ ပအိုးဝ်ပြည်သူ့စစ်တပ်ဖွဲ့ (PNA) က အရပ်သားတစ်ဦးကို ရွာထဲဝင် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဝက်ခြံတစ်ခုအတွင်း အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကာလကျေးရွာနေ ဦးထွန်းစိုး (ခ) ဦးမောင်ဒန်းကို PNA တပ်ဖွဲ့ဝင်တွေက ရွာတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နာရီဝက်ခန့်အကြာမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေသွားသူက ဦးမောင်ဒန်းပါ။ သတင်းပေးတယ်ဆိုပြီး ရွာထဲက တစ်ယောက်က တိုင်လို့ ရွာထဲဝင်ပြီး ဖမ်းသွားတာ။ နာရီဝက်လောက်ကြာတော့ သေနတ်သံ နှစ်ချက်ကြားတယ်။ PNA တွေ ပြန်သွားတော့မှ ရွာစွန်က အိမ်တစ်အိမ်ရဲ့ ဝက်တဲထဲမှာ အလောင်း ပြန်တွေ့တာ။ သေနတ်နဲ့မပစ်ခင် စစ်မေးထားပုံရတယ်၊ ဒဏ်ရာတွေ အများကြီးပဲ” လို့ ဒေသခံတဦးက New Day Myanmar ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၄ နှစ်အရွယ် ဖြစ်ပြီး ဇနီးနဲ့ သားသမီး ၅ ဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“သတင်းပေးတယ်ဆိုတာ ခေါင်းစဉ်တပ်တာပါ။ တခြား စီးပွားရေးကိစ္စတွေရှိတယ်လို့လည်း ကြားတယ်။ မိသားစုဝင်တွေကို သတင်းဖြန့်ရင် ခေါင်းဖြတ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ စစ်တပ်ကလည်း ဘာမှမပြောဘူး၊ ဒီတိုင်းလွှတ်ထားတာ” လို့ သူက ပြောပါတယ်။

ဒေသခံတွေပြောကြားချက်အရ PNA တပ်ဖွဲ့ဟာ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာတွေကို လုံခြုံရေးယူပေးတယ်လို့ဆိုကာ တစ်လလျှင် ကျပ် ၅၀,၀၀၀ စီ ကောက်ခံနေပြီး ရှမ်းရွာတွေရှိ လူငယ်တွေကို ပေါ်တာဆွဲကာ စစ်မှုထမ်းသင်တန်း ၃ ပတ်ပေးပြီး ဆီဆိုင်မြို့ တိုက်ပွဲအတွင်း စေလွှတ်နေတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာ PNA တပ်ဖွဲ့ဟာ ကာလကျေးရွာအတွင်း တပ်စွဲနေထိုင်နေပြီး ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်နေသလို ဘာသာရေးအခြေပြု သွေးခွဲမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုံစာ- ပအိုးဝ်ပြည်သူ့စစ်တပ်ဖွဲ့ (PNA) များကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး