ပေါင်းစည်းလုပ်ဆောင်မှသာ အင်အားရှိလာမှာ ဖြစ်သလို စည်းလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မယ် လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ် ကြီး ဘောကျော်ဟဲက ဒီနေ့ ဩဂုတ် ၁၂ရက်မှာကျရောက်တဲ့ ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုမိန့်ခွန်းမှာထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ အရေးကြီးတယ် ဘာဖြစ်လို့လဲဆိုတော့ အာဇာနည်တွေကို ကျနော်တို့တန်ဖိုးထားလို့ပဲ ဖြစ်တယ်။ ပေးဆပ်သွားတဲ့အသက်တွေကို တန်ဖိုးထားသလို သက်ရှိ ရှင်သန်နေသေးတဲ့ အသက်တွေကိုလည်း တန်ဖိုးထားရမှာ ဖြစ်တယ်။ တဦးကို တဦး တန် ဖိုးထားပြီး ပေါင်းစည်းလုပ်ဆောင်မှသာလျင် ကျနော်တို့တတွေ အင်အားရှိလာမှာ ဖြစ်တယ်။ စည်းလုံးညီညွတ်မှ အောင်ပွဲနွှဲနိုင်မယ်” လို ဆိုပါတယ်။
ဒါအပြင် သက်ရှိထင်ရှားရှိနေကြသူတွေအနေနဲ့လွတ်လပ်ရေးအတွက် ကြိုးပမ်း အသက်ပေးခဲ့ကြတဲ့ အာဇာနည်တွေ လို လားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြည့် ဆည်းနိုင်ဖို့ ကျင့်ကြံလှုပ်ရှားရမယ့် တာဝန်လည်းရှိတယ်လို့ ဆိုပါတယ်။
ကရင်လူမျိုးတွေအနေနဲ့ ကရင်ံ့အမျိုးသားအာဇာနည်နေ့ကို တန်ဖိုးထားပြီး ဂုဏ်ပြုကျင်းပဖို့လိုအပ်သလို ကရင့်အာဇာနည်နေ့ကို အသိအမှတ်ပြု ဂုဏ်ပြုရာမှာ အပေါ်ယံအနေနဲ့ ဂုဏ်ပြုတာမျိုးမဟုတ်ဘဲ ယုံကြည်ချက် ရပ်တည်ချက်အပေါ် ခိုင်မာစွာ ရပ်တည်လုပ်ဆောင်ကြရမယ်လို့ ဒုစစ်ဦးစီးချုပ်က ဘောကျော်ဟဲက မိန့်ခွန်းအတွင်း တဆက်တည်းပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – KNU ( Screen Grab)


