Homeပြည်တွင်းသတင်းတောင်ငူမြို့မှာ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ စောင့်ကြည့်နေ

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ စောင့်ကြည့်နေ

ဩဂုတ် ၂၀၂၅

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာစိုးရိမ်ရေမှတ်ကျော်လွန်နေပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိသေးတာကြောင့်စောင့်ကြည့်နေတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးတာဝန်ခံတဦးက New Day Myanmar ကိုပြောပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၁၀ စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး၊ နောက်ထပ် ၁၀ စင်တီမီတာထပ်တက်ခဲ့မယ်ဆိုရင် မြေနိမ့်ပိုင်းနဲ့မြစ်ကမ်းနဘေးနေသူ‌တွေပြောင်းရွေ့ရမယ့် အခြေ အနေရှိတယ်လို့ သူက ဆိုပါတယ်။

“အခုထိတော့မြစ်ရေက ၆၁၀ စင်တီမီတာရှိနေပြီပေါ့၊ ကယ်ဆယ်ရေးစခန်းက အရင်ထဲက ဖွင့်ထားပြီးသားနေရာတွေရှိတော့ အဆင်သင့်ပါဘဲ။ စောင့်ကြည့်ပြီး ဒေသခံတွေကိုဆော်ဩရတာတော့ရှိတာပေါ့။”လို့ သူကဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာ မနေ့ညပိုင်းကစပြီး တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အ ထက်ကို ရောက်လာတာကြောင့် စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ရေကြီးသတိပေးချက်ကိုဒီနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာသွန်းတာတွေရှိမယ်လို့ အသိပေးထားတာကြောင့် မိုးရက်ဆက်ရွာရင် စစ်တောင်းမြစ်ရေဟာ လက်ရှိရေမှတ်ထက် ပိုမြင့်တက်လာမယ်လို့ မြစ်စောင့်ကြည့်နေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သုံးသပ်ထားပါတယ်။

တောင်ငူမြို့ဟာ ယခုနှစ်အတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့တာ နှစ်ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး