ဒီကနေ့ နံနက် ၈ နာရီအချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြားအပြန်အလှန် ပစ်ခတ်တာတွေလုပ်ဆောင်ပြီးနောက်မှာ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားစစ်အခြေ စိုက်စခန်းတစ်ခုကို F-16 တိုက်လေယာဥ်နဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
ထိုင်းစစ်တပ်ရဲ့ F-16 တိုက်လေယာဉ်နဲ့ဗုံးကြဲချတိုက်ခိုက်တာ ဒီကနေ့ ဇူလိုင်၂၄ ရက် ၁၁ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအခြေစိုက် Khaosod သတင်းဌာနရဲ့ဖော်ပြချက်အရ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ မူပါစခန်းနဲ့ ဘုရားကျောင်းရဲ့ အရှေ့ဘက် မီတာ ၂၀၀ အကွာမှာ စတင် ပစ်ခတ်တာများပြုလုပ်ခဲ့တာကြောင့် ထိုင်းစစ်သားများကလည်း ပြန်လည်ပစ်ခတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကို ခံရပြီးနောက် သူတို့ရဲ့ တပ်ဖွဲ့တွေက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
လတ်တလောအခြေအနေအရ နှစ်နိုင်ငံသံတမန်များကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ခိုင်းထားပြီး၊ သံတမန်ဆက်ဆံရေးအား လျော့လိုက်လိုက်ပြီးဖြစ်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်ဖူထန်က ပြောကြားထားပါတယ်။
“ကျွန်တော်တို့ အခြေအနေကို သုံးသပ်ပြီးပါပြီ၊ သံတမန်ဆက်ဆံရေးကို လျှော့ချသွားမှာပါ”လို့ ဆိုထားပါတယ်။


