Homeပြည်တွင်းသတင်းနေပြည်တော်ကို ပြန်ဆောက်ဖို့ ကုမ္ပဏီတွေကို ပြန်ခေါ်ရာမှာ ဦးချစ်ခိုင်ရဲ့ ဒေဒင်နဲ့ စတီဗင်လော၊ ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်သာ ပြန်ဆက်သွယ်သေး

နေပြည်တော်ကို ပြန်ဆောက်ဖို့ ကုမ္ပဏီတွေကို ပြန်ခေါ်ရာမှာ ဦးချစ်ခိုင်ရဲ့ ဒေဒင်နဲ့ စတီဗင်လော၊ ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်သာ ပြန်ဆက်သွယ်သေး

၃၀ ဧပြီ၊ ၂၀၂၅

နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းရဲ့ အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားဖို့ စစ်ကောင်စီလက်အောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရုံးအဆောက်အအုံ တွေကို မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကပြန်လည်တည်ဆောက်ရမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာမှာ ဧပြီ ၃၀ ရက်က ဖော်ပြပါတယ်။

အခု ဧပြီ ၃၀ ရက်မှာတော့ နေပြည်တော်ကို ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီအများအပြားထဲကမှ ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့ ဒေဒင် ကုမ္ပဏီ၊ နဲ့ ဘိန်းဘုရင် လောစစ်ဟန်ရဲ့ သား စတီဗင်လောလို့ သိကြတဲ့ ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ် ကုမ္ပဏီ ၂ခုပဲ ဆက်သွယ်လာသေးတယ်လို့ နေပြည်တော်ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာပါတဲ့ New Day Myanmar ရဲ့ သတင်းရင်းမြစ်ထံ ကသိရပါတယ်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်တဲ့ ရုံး/ဌာန အဆောက်အဦ‌တွေ၊ အထူးအဆောက်အဦတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေကနေတဆင့် ဆက်သွယ်အကြောင်းကြားဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတာပါ။

နေပြည်တော်ကို ဆောက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာ ထင်ရှားတဲ့ ကုမ္ပဏီတွေကတော့ ခရိုနီဦးတေဇရဲ့ ထူး၊ ဦးချစ်ခိုင်ရဲ့ အေဒင်၊ လောစစ်ဟန်နဲ့ သူ့သား ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာ၊ ဦးနေအောင်ရဲ့ IGE၊ ဦးရွှေမန်းသားတွေ ဖြစ်တဲ့ တိုးနိုင်မန်းနဲ့ အောင်သက်မန်းတို့ရဲ့ ဧရာရွှေဝါ၊ ဦးတင့်ဆန်းပိုင်တဲ့ ACE၊ ဦးရန်ဝင်းရဲ့ A1၊ ဦးသာဌေးရဲ့ OREGINAL GROUP၊ ဦးဝင်းထင်ကျော်ရဲ့ WHK၊ ဦးသိန်းညွှန့်ရဲ့ TZTM၊ ဦးရှိန်ဝင်းရဲ့ တက်လမ်း၊ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်ရဲ့ မဟာရဲတံခွန်၊ ဦးအိုက်ထွန်း ရဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ၊ အောင်ကောင်းကျော်၊ ရွှေဘုရင် စတဲ့ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read