လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA ဆုတ်ခွာပြီး စစ်ကောင်စီ ပြန်လည်ဝင်ရောက်ရေး ကိစ္စတွေအတွက် တရုတ်နိုင်ငံက လားရှိုးမှာ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တရုတ်ရဲ့ဖိအားပေးမှုကြောင့် MNDAA က လားရှိုးကို စစ်ကောင်စီကိုပြန်ပေးလိုက်တာဖြစ်ပါတယ်။ MNDAA ဟာ ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့ပေါ်က ဆုတ်ခွာရမှာဖြစ်တယ်လို့သိရပါတယ်။
ဧပြီ ၁၇ ရက်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုးကန့်တပ် – MNDAA အနေနဲ့က လားရှိုးမြို့ပြင်တွေဖြစ်တဲ့ မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ် နဲ့ မိုင်းရယ် – ဟိုယ၊ နမ့်ပေါင်တွေဘက်မှာ ပုံမှန်အတိုင်း စခန်းထိုင်မှာဖြစ်ပြီး မြို့ပြင်ကနေ ဆုတ်ခွာသွားဖို့တော့ မရှိဘူးလို့ ဒေသခံတွေက သုံးသပ်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က ၂၀၂၄ သြဂုတ်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ထားတာဖြစ်ပါတယ်။
ပုံစာ – လားရှိုးကို စစ်ကောင်စီပြန်လည်ဝင်ရောက်ရေး တရုတ်စောင့်ကြည့်ရေး ကားတစီးကိုတွေ့ရစဉ်
ဓါတ်ပုံ – Lashio Media