၂၆ ဖေဖေါ်ဝါရီ ၊၂၀၂၅
၂၀၂၄ ခုနှစ်ဟာ အင်တာနက် ပိတ်ဆို့မှု အဆိုးရွားဆုံးဖြစ်တဲ့နှစ်ဖြစ်ပြီး မြန်မာဟာ ကမ္ဘာမှာ အင်တာနက်အကြိမ် အများဆုံးပိတ်ဆို့ခံရတဲ့နိုင်ငံဖြစ်လာတယ်လို့ ဒီဂျစ်တယ်အရေးစောင့်ကြည့်လေ့လာတဲ့ Access Now အဖွဲ့ရဲ့ဖော်ပြမှုအရ သိရပါတယ်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းအတွင်း မြန်မာမှာ အင်တာနက် ပိတ်ဆို့မှုအကြိမ်ရေ ၈၅ ကြိမ်အထိရှိခဲ့ပြီး အများစုဟာ စစ်ကောင်စီက ကျူးလွန်ခဲ့တယ်လို့ Access Now ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့ကထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။
အင်တာနက်ပိတ်ဆို့မှုတွေထဲက ၃၁ ကြိမ်ဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ဆိုင်နေပြီး အနည်းဆုံး ၁၇ ကြိမ်ဟာ စစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ Access Now က ထောက်ပြထားပါတယ်။
ကမ္ဘာတဝန်းက အင်တာနက်ပိတ်သိမ်းမှုအားလုံးရဲ့ ၆၄ ရာခိုင်နှုန်းကျော်ဟာ မြန်မာ၊ အိန္ဒိယ နဲ့ ပါကစ္စတန်တို့မှာ ဖြစ်ခဲ့ကြောင်းနဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့လည်း ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု ကျူးလွန်တဲ့ စာရင်း မှာ ပါဝင်လာတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနဲ့ လာအိုတို့မှာ ရှိသူတွေအတွက် အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်လိုက် တာ ကြောင့် အခုလိုစာရင်းထဲ ပါလာတာဖြစ်ကြောင်းနဲ့ ထိုင်းအပါအဝင် တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အင်တာနက်သုံးစွဲမှုကို ၆ ကြိမ်ဖြတ် တောက်ခဲ့ပြီး ဒါတွေဟာ မြန်မာသာမက လာအိုပြည်သူ တွေကိုပါ ထိခိုက်စေခဲ့ပါတယ်။
Photo – NDM