၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ပြည်ပက မြန်မာပြည်ကို ပြန်လာတဲ့ အသက် ၁၈က ၃၅ ကြားလူငယ်တွေကို ပြည်ပပြန်လည်ထွက်ခွာခွင့် ပိတ်ပင်ထားဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပြည်ပက ပြန်လာတဲ့ စစ်မှုထမ်းရမယ့်အသက်အရွယ်ဖြစ်တဲ့ ၁၈ နှစ်က ၃၅ နှစ် အတွင်း အမျိုးသားတွေကို နိုင်ငံကူးလက်မှတ် PJ (Passport for Job)၊ PV (Passport for Visit) အမျိုးအစားနှစ်ခုလုံးမှာ ထွက်ခွာခွင့်ကန့်သတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပြောဆိုပါတယ်။
တရားဝင်အမိန့်စာထုတ်ပြန်ထားခြင်းမရှိပေမယ့် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ အလည်အပတ်ပြန်လာရင် ပြန်ထွက်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
“အစတုန်းက ပြည်ပကို PJ နဲ့ ထွက်ဖို့ ပိတ်တယ်၊ နောက်ပြီး လေဆိပ်ကနေ PV နဲ့သွားသူတွေကို အရင်တုန်းက ထွက်ဖူးတာမရှိလို့ဆိုပြီး ထွက်ခွင့်ပိတ်တယ်။ အခု ပတ်စ်ပို့နှစ်မျိုးလုံးကို ခဏ ပြန်လာလည်း ထွက်ခွင့် ပိတ်မယ်ဆိုတော့ အခုအပြင်ရောက်ပြီးသားလူတွေအနေနဲ့ ပြန်မလာဘဲ ဟိုမှာပဲ ဆက်နေကြပါ” လို့ ပြည်ပထွက်ခွာဖို့ အလုပ်ခေါ်စာကျပြီးမှ စစ်ကောင်စီက ထွက်ခွင့်ရပ်ဆိုင်းခံထားရသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က လေဆိပ်မှာ CDM နဲ့ နိုင်ငံရေးပုဒ်မရှိသူတွေကို ဖမ်းဆီးရုံမကဘဲ အရင်က ပြည်ပခရီးစဉ်ထွက်ခွာဖူးခြင်းမရှိတဲ့ PV အမျိုးအစားတွေကိုလည်း လူကိုကြည့်ပြီး ငွေညှစ်လေ့ရှိတယ်လို့ လေဆိပ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ – ၅၁ မှာ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
ပုံစာ – လူသူကင်းရှင်းနေသော ရန်ကုန်နိုင်ငံတကာလေဆိပ် ပြည်ပထွက်ခွာဆောင်
ဓာတ်ပုံ – CJ