၁၇ ဖေဖေါ်ဝါရီ ၊၂၀၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရသေ့တောင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းဆီးပြီး သံဖြူဇရပ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ် တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ရသေ့တောင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ်ရှိ ဦးနိုင်ဝင်းဆိုသူက ၎င်းရဲ့ သမီးအရင်းဖြစ်သူ အသက် ၁၁ နှစ်အရွယ် မ (—-) ကို အကြိမ်ကြိမ်ပြစ်မှားကျူးလွန်နေပေမယ့် ၎င်းရဲ့ ခြိမ်းခြောက်ပြောဆိုမှု တွေကြောင့် ဇနီးဖြစ်သူက ဖြစ်စဉ်ကို သိရှိပေမယ့် မပြောရဲဘဲ တိတ်ဆိတ်နေပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်အပေါ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဦးနိုင်ဝင်းရဲ့ ဇနီးဖြစ်သူက ဒေသတွင်းအခြေစိုက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ထံ သွားရောက်တိုင်ကြားခဲ့ကာ လာရောက် ဖမ်းဆီးခဲ့ပြီး ထိုမှတစ်ဆင့် သံဖြူဇရပ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မုဒိမ်းမှု ကျူးလွန်သူ ဦးနိုင်ဝင်းမှာ အိမ်ထောင်နှစ်ဆက် ရှိထားသူဖြစ်တဲ့အပြင် လူသတ်မှုနဲ့ ထောင်ကျခဲ့ဖူးသူ တစ်ဦးဖြစ်သလို တစ်မိသားစုလုံးက ဧရာဝတီတိုင်းဇာတိ ဖြစ်ပြီး ရသေ့တောင်ကျေးရွာကို ရေလုပ်သားအလုပ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ သမီးအရင်းဖြစ်သူကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အဖေဖြစ်သူ ဦးနိုင်ဝင်းကို သံဖြူဇရပ်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းကျူးလွန်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး ၎င်းရဲ့ ဇနီးဖြစ်သူ နဲ့ ကလေးတို့ကို ကျေးရွာတာဝန်ရှိသူ တွေက လုံခြုံရေးစောင့်ကြည့်ပေးထားတယ်လို့လည်း သိရပါတယ်။
Photo -Independent Mon News Agency’s