၁၇ ဇန်နဝါရီ ၊ ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစာရင်းတွေပေးဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက စက်မှုဇုန်လုပ်ငန်းရှင်တွေကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
အကြောင်းကြာစာအရ နယ်ဘက်က အလုပ်လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ပြုလုပ်ပေးသွားမယ်ဆိုတဲ့အကြောင်းပြချက်ဖြစ်ပေမယ့် ဒါဟာ စစ်မှုထမ်းဖို့ စာရင်းကောက်တာသာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စာရင်းတွေတောင်းတာတော့မှန်ပါတယ်။ ၂ ပတ်အတွင်းပေးရမှာ။ တချို့နယ်ကလာလုပ်တဲ့ကလေးတွေဆိုရင် မှတ်ပုံတင်မရှိဘူး။ ထောက်ခံစာနဲ့ လုပ်ကြတာပေါ့။ စာမှာတော့ မှတ်ပုံတင်လုပ်ပေးမလို့ဆိုပြီး ပါတယ်။ သူတို့က အလုပ်သမားတွေရဲ့ စာရင်းကို ခဏခဏတောင်းနေတာ” လို့ စက်မှုဇုန်လုပ်ငန်းရှင်တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကောင်စီက အလုပ်သမားတွေရဲ့စာရင်းတွေကို အတင်းအကြပ်ကောက်ခံမှုတွေရှိလာတာကြောင့် အလုပ်သမားအများစုဟာ စစ်မှုထမ်းရမှာစိုးတဲ့ အတွက် ပိတ်ရက်နဲ့ အတူ နယ်တွေကို အပြီးပြန်သွားတာတွေလည်းရှိတယ်လို့ အဲ့ဒီ စက်မှုဇုန်လုပ်ငန်းရှင်ကပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီ ၁၀ ရက်မှာနိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ အလုပ်သမားစာရင်းတွေကို ကောက်ခံလာတာဖြစ်ပါတယ်။
ယခုတကြိမ်တောင်းခံမှုအပါအဝင် အလုပ်သမားစာရင်းတောင်းတာ သုံးကြိမ်ရှိပြီဖြစ်လို့ သိရပါတယ်။
“ဒီလောက် စစ်ရှုံးနေတဲ့ စစ်တပ်ထဲ ဘယ်သူမှ မလိုက်ချင်ကြပါဘူး။ စက်ရုံမှာ အလုပ်လုပ်ရတာတောင် ဘယ်အချိန် လာခေါ်ပြီး စစ်ထဲ ထည့်မလဲ စိုးရိမ်နေကြရတာ။ အချို့ဆို နယ်တွေကို အပြီး ပြန်သွားကြပြီ။”လို့ ရွှေပြည်သာ စက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမား တဦးက New Day Myanmar ကိုပြောပါတယ်။