၈ ဇန်နဝါရီ၊၂၀၂၅
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၅) ဦး၊ အမျိုးသား (၅၉) ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး စုစုပေါင်း (၉၅) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန် ထားပါတယ်။
အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄) ဦး နေပြီး သေဆုံးသူတွေအနက် မန္တလေးတိုင်းက (၂၃) ဦး နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၇) ဦးနဲ့ သေဆုံးမှု ဒုတိယ အများဆုံးဒေသဖြစ်တယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး အဆိုပါ (၉၅) ဦးအနက် သေဆုံးရတဲ့အကြောင်းအရင်းအနေနဲ့ (၄၅) ဦးမှာ စစ်အုပ်စုရဲ့ လေ ကြောင်း နဲ့ တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၃၀) ဦးမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒုတိယ အများဆုံးသေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ နဲ့ ကမ္မမြို့ကြားရောက်ရှိနေတဲ့ အင်အား ၁၅၀ ခန့်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်က မြစ်ခြေမြို့အတွင်းရှိ လူနေရပ်ကွက်တွေအတွင်းကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တစ်လုံး မြစ်ခြေမြို့၊ မြို့မ အမှတ် (၁) ရပ်ကွက်အတွင်းကို ကျ ရောက် ပေါက်ကွဲခဲ့တာကြောင့် ဦးညွှန့်ရွှေ၊ ဒေါ်ကြည်မြင့် နဲ့ ကလေးသုံးဦးဖြစ်တဲ့ မမိုးသီရိချို၊ မစုစန္ဒီ နဲ့ မောင်ကျော်စိုးလွင်တို့ ငါးဦး ကျည်စထိမှန် သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စု နဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၁၂၄) ဦး ရှိခဲ့ပြီဖြစ်တယ်ကြောင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
Photo – PSLF/TNLA