၂၅ ဒီဇင်ဘာ၊၂၀၂၄
ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုအားကောင်းလာတာကြောင့် မြန်မာ-အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်တွေ နေရပ်ဖို့ရှိနေတာကြောင့် စစ်ဘေးရှောင် အရေ အတွက် လျှော့ကျဆင်းလာတယ်လို့ အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ Times of Indi မှာ ဖော်ပြလာမှုအရ သိရပါတယ်။
ချင်းပြည်နယ် နဲ့ နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်တစ်ခု ဖြစ်တဲ့ မီဇိုရမ်ပြည် နယ်မှာ အခုနှစ်ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မြန်မာဒုက္ခသည်အရေအတွက် (၃၃,၀၃၆)ဦး ရှိရာမှ ဒီဇင်ဘာ (၁၈) ရက်မှာ ( ၃၂,၇၉၄ )ဦးသာ ရှိတော့တဲ့အတွက် မြန်မာဒုက္ခသည် အရေအတွက်သည် လျော့နည်းသွား တာဖြစ် တယ်လို့ ဆိုပါတယ်။
လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာဒုက္ခသည် (၃၂,၇၉၄) ဦး(အမျိုးသား ၁၀,၀၀၂ ဦး၊ အမျိုးသမီး ၁၀,၃၄၀ နှင့် ကလေး ၁၂,၄၅၂ ဦး) ရှိသည့်အနက် (၁၆,၈၉၂) ဦးသည် ခရိုင် (၇ )ခုရှိ ကယ်ဆယ်ရေးစခန်း (၁၂၇) ခုတွင် နေထိုင်ကြပြီး၊ (၁၅,၉၀၂) ဦးသည် အဆိုပါစခန်းတွေရဲ့ ပြင်ပတွေမှာ နေထိုင်လျက်ရှိတယ်လို့လည်း သိရပါ တယ်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်းနဲ့ ဆာယာဟာခရိုင်တွေမှာ ကယ်ဆယ်ရေးစခန်း (၃၈) ခုစီ ရှိကြောင်းနဲ့ လောင်တလိုင်းမှာ မြန်မာ ဒုက္ခသည် (၅,၉၂၂) ဦးရှိပြီး စခန်းတွေမှာ ( ၄,၀၂၆ ဦး) နဲ့ စခန်းပြင်ပမှာ (၁,၈၉၆) ဦးရှိတယ်လို့လည်း သိရပါတယ်။