၁၈ ဒီဇင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦးတခုမှာ WFP အမှတ်အသားပါတဲ့ ရိက္ခာ အိပ်တွေ တွေ့ရပြီး ထိခိုက်အလွယ်ဆုံးရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှ လက်ခံနိုင်ဖွယ်မရှိဘူးလို့ WFP က ဒီဇင်ဘာည ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဆီမှာ WFP အမှတ်အသားပါတဲ့ ရိက္ခာ အိပ်တွေတွေ့ရတာဖြစ်ပါတယ်။ အဲ့ဒီလုပ်ရပ်တွေဟာ ကယ်ဆယ်ရေးအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ အရေးပေါ် ကယ်ဆယ်ရေး စားနပ် ရိက္ခာတွေကို ဖောက်ထွင်းလုယက်ပြီး သိုလှောင်ရုံကို မီးရှို့ဖျက်ဆီးခဲ့တာဟာ မိမိတို့ လုပ်ရပ်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ဇွန်လ ၂၆ ရက်က ဝန်ခံထားပါတယ်။
ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြဖို့လည်း WFP က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုတွေ စီးပွားရေးကျဆင်းမှုတွေကြောင့် ပိုဆိုးလာနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းကို WFP စားနပ်ရိက္ခာအထောက်အပံ့တွေ ပေးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက စစ်ကောင်စီတပ်တွေ WFP ရိက္ခာဂိုဒေါင်ကို ဖောက်ထွင်းခဲ့ကြစဉ်
Photo – AA info desk