Homeပြည်တွင်းသတင်းဗဟိုဘဏ်က လက်ခံတဲ့နိုင်ငံခြားငွေအားလုံးနဲ့ ကျောက်မျက်တွေကို ရောင်းချပေးမယ့်အကြောင်း စစ်ကောင်စီကြေညာ

ဗဟိုဘဏ်က လက်ခံတဲ့နိုင်ငံခြားငွေအားလုံးနဲ့ ကျောက်မျက်တွေကို ရောင်းချပေးမယ့်အကြောင်း စစ်ကောင်စီကြေညာ

၁၉ နိုဝင်ဘာ၊ ၂၀၂၄

မြန်မာ့တွင်းထွက်ကျောက်မျက်တွေကို ဗဟိုဘဏ်က လက်ခံသမျှ နိုင်ငံခြားငွေအားလုံးနဲ့ ရောင်းချပေးမယ်လို့ စစ်ကောင်စီက ပြောဆိုပါတယ်။

နိုဝင်ဘာလ ၁၈ ရက်က ၂၇ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ၂၀၂၄ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနေပြီး ဒီပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လဲ တက်ရောက်ပါတယ်။

ပြည်တွင်းပြည်ပက လုပ်ငန်းရှင်ပေါင်း ၄၅၀၀ ကျော် လာပြီး လေ့လာဝယ်ယူဖို့ စာရင်းပေးထားပြီး ကုန်သည်အများစုဟာ တရုတ်နဲ့ထိုင်းက ဖြစ်တယ်လို့ သိရပါတယ်။ ဒီကျောက်မျက်ပြပွဲကတဆင့် စစ်ကောင်စီဟာ နိုင်ငံခြားငွေ၊ အခွန်ငွေရရှိမှာ ဖြစ်ပါတယ်။

“ကျောက်မျက်ရတနာတွေကို ပြပွဲလုပ်ပြီး လုပ်ငန်းရှင်တွေကို ထုတ်ရောင်းခိုင်းတယ်။ ဒီကရတဲ့အခွန်နဲ့ သူတို့နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်တယ်။ လုပ်ငန်းရှင်ကြီးတွေကျတော့လည်း ခိုင်းတဲ့အတိုင်းရောင်းပေး ပြီးရင် အခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တွေ ပြန်ယူတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံက သယံဇာတကို ဈေးပေါပေါနဲ့ ရောင်းသလိုဖြစ်နေတာ၊ တကယ်ဈေးတန်းရှိတဲ့ဟာတွေကျလည်း ပြပွဲမှာ မပြဘဲ အောက်လမ်းကပဲ ထုတ်ကြတာ”လို့ ကျောက်မျက်ကုန်သည်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အခု ပြပွဲမှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း၁၆၀ နဲ့ ‌ကျောက်စိမ်းအတွဲပေါင်း ၄,၈၀၀ ရောင်းမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ အခုနှစ်အတွက် မေလ ၃ ရက်မှ ၁၂ ရက်အထိ ၅၉ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ ကျင်းပထားပြီး ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊ ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀ တို့ကို ထုတ်ရောင်းခဲ့ပြီး ဖြစ်ပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read